ယင်းမာပင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်တပ်ဖွဲ့များအပြင်ထွက်လာချိန် ယနေ့ နံနက် ၆ နာရီခန့်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ပြောက်ကျားတိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

သီတဂူဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲထားသော ရဲတပ်ရင်း (၂၈) မှ တပ်ဖွဲ့ဝင်ငါးဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ယင်းမာပင်မြို့နယ် ULF (မဟာမိတ်ပူးပေါင်းစု)မှ တာဝန်ခံက The 74 Media ကိုပြောသည်။

“ရွှေတောင်ဦးဘက်သွားပြီး ပိုက်ဆံသွားတောင်းကြတာထင်တယ်ဗျာ။ အဲ့တာလမ်းကနေ အလစ်ဝင်တိုက်တာ။ နှစ်ယောက်ကတော့နေရာမှာတင်သေသွားပြီး နောက်တစ်ယောက်ကတော့ ဆေးရုံရောက်ပြီးမကြားခင်မှာပဲ သေသွားတယ်လို့ကြားရတယ်ဗျာ” ဟုပြောသည်။

သေဆုံးခဲ့သူများမှ ဒုရဲအုပ်ကို ဘက်တံဆိပ်ဖြင့် အတည်ပြုထားပြီး G – 3 နှစ်လက်၊ ယင်းကျည် (၁၀၂) တောင့်၊ BA-93 (Uzi) တစ်လက် ၊ ၉ မမ ကျည် ၂၀ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သူကပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာ – ပုသိမ်လမ်းတွင်ကင်းချထားပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသူများဖြစ်ကြောင်း ချင်းတွင်းရိုးမမြေပြင်သတင်းထောက် ကိုမြက်ကိုးက ပြောသည်။

“ခရီးသွားပြည်သူတွေကားတွေကိုဖမ်းဆီးပြီးတော့ရစ်တာတွေ အခွန်ကောက်တာတွေလုပ်တယ်။ တစ်ခါတစ်လေ တစ်သိန်းခွဲ၊ နှစ်သိန်းလောက်ထိတောင်းပြီး ညစ်တာတွေရှိတယ်။ ပြည်သူတွေကလည်း မလွဲသာမရှောင်သာဆိုတော့ မသွားလို့မရဖြစ်နေတဲ့အတွက် အဲ့လမ်းမကြီးကဖြတ်သွားနေရတာ” ဟုပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေတောင်ဦးအောင်ဇေယျာတပ်ကုန်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်အတွင်း အရပ်ဝတ်ဖြင့် မြေပြင်သတင်းထောက်လှမ်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန် ဖမ်းဆီးချိန် ထွက်ပြေးခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာသေဆုံးသွားခဲ့သည်။

ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းတွင် သစ်ခိုးထုတ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ကျောက်ကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ