ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေကျေးရွာတွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က အချဉ်ပေါင်းသည် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒေသခံရေမဆေးရှာဖွေသူတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာအဝင်နားလေးမှာပဲ ပစ်ခံရတာ ခြောက်ချက်လောက်ရှိမယ် ပစ်သွားတာ။ သူဆိုင်ကယ်မောင်းနေတဲ့ချိန် ပစ်သွားတာ” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုသန်းမင်းထိုက်ဆိုသူဖြစ်ပြီး ဦးခေါင်းနှင့် နားထင်တို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

“အလောင်းကပိုင်ရှင်ရှိတယ် သေဆုံးသူရဲ့ မိသားစုဝင်တွေလည်း လိုက်လာကြတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု၊ ကထန်ကျေးရွာတွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ဆိုင်ကယ်ဖြင့် ရေခဲချောင်းလိုက်ရောင်းနေသည့် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ