တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးတစ်လုံး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆိုင်းတောင်ကျေးရွာစာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အ.ထ.က (ဆိပ်မူ) စာသင်ကျောင်းအနောက်ရှိ နေအိမ်တစ်ခုတွင်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကုန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ဖြစ်သည်ဟု ကျောင်းအနီးနေထိုင်သည့် ကျောက်အရောင်းအဝယ်ပြုလုပ်သူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“စာသင်ကျောင်းရဲ့ အနောက်ဘက်ကအိမ်ကိုကျတာ။ ကျွန်မတို့နဲ့နီးတော့ နားတွေကိုအူသွားတာ။ သဲတွေလည်း လာစင်တယ် လူတော့ အထိအခိုက်မရှိဘူး။ နေ့လယ်ကျောင်းဆင်းချိန်ကြီးဖြစ်တာ တော်သေးလို့ ကလေးတွေ ဘာမှမဖြစ်တာ” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်ခေါင်မိုးနှင့် ခြံကာထားသော သွပ်အချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ပြည်သူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ကနဦးသိရသည်။

ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၁) ရှိ ဟိုပင်လက်ဖက်ရည်ဆိုင်အနီးမှ နေအိမ်တစ်လုံးတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်မီးလောင်နေကြောင်း အသက် (၃၁) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဟိုပင်လက်ဖက်ရည်ဆိုင်နားက အိမ်မှာကျတာ၊ မီးတွေလောင်နေတယ်။ပိတ်မိနေတဲ့လူတွေကိုတော့ အပြင်ထုတ်နိုင်ခဲ့ပြီး။ သေနတ်သံတွေတော့ ကြားနေရတုန်းပဲ” ဟုပြောသည်။

မှော်ရှန်ကျေးရွာတွင်လည်း ယနေ့မွန်းလွှဲ ၁ နာရီခွဲခန့်က သေနတ်ပစ်ခတ်သံများကြားနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်လည်းရောက်ရှိနေကြောင်း အသက် ၂၉ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဆိုင်းတောင်ပတ်ပတ်လည် ပစ်နေကြတယ် အပြန်အလှန်ပစ်တာ။ အိမ်တံခါးတွေအကုန်ပိတ်ပြီး နေနေကြရတယ်။ မှော်ရှန်ဆိုင်းဘုတ်နားမှာ စစ်သားတွေယူနီဖောင်းနဲ့အပြည့်ပဲ ရောက်ချလာတယ်။ လမ်းမှာလည်း ရှင်းနေတာပဲ” ဟုပြောသည်။

 

The 74 Media က ဆက်သွယ်မေးမြန်းသည့် မွန်းလွှဲ ၃ နာရီခန့်က ဆိုင်းတောင်ကျေးရွာအနီးတစ်ဝိုက်တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း အရပ်ဝတ်ဖြင့် နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့ညကလည်း ဆိုင်းတောင်ကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိုင်းတောင်ရပ်ကွက် (၁) စမ်းသီတာကုန်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

သတင်း – Pe Ti

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ