မြစ်ကြီးနား ကချင်စုရပ်ကွက်ရှိ ဧရာဝတီမြစ် ကမ်းအနီးတွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ဓားထိုးလုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးချိန်းတွေ့နေချိန် နောက်ကျောကို ဓားထိုးကာ ဆိုင်ကယ်လုယူသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စုံတွဲမြစ်ကမ်းဘေးမှာရှိနေတာကို အမျိုးသားတစ်ဦးက ဓားနဲ့ထိုးဆိုင်ကယ်လုတာ နောက်ကျောကို ဓားနဲ့ထိုးတာ။ နောက်ကျော နံကြားလောက်မှာတစ်ချက်ထိသွားတယ်။ လုယက်သူက အသက် ၂၀ ကျော်လောက်ပဲရှိမယ်ထင်တယ်” ဟုပြောသည်။

လုယက်မှု ကျူးလွန်ခဲ့သူနှစ်ဦးမှ အသက် ၂၀ ကျော်ခန့်အရွယ်ရှိ အမျိုသားတစ်ဦးကို ရပ်ကွက်နေပြည်သူများက ဖမ်းဆီးရမိခဲ့ကြောင်း သူကဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ လက်ရှိ မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး အူများထွက်ကျသည်အထိ ဓါးထိုးခံခဲ့ရသည်။

သတင်း – Doi Awng
ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ