တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတစ်ခု ယနေ့ နံနက် ၅ နာရီခန့်က တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ရှဒူးဇွပ်ကျေးရွာနှင့် ငါးမိုင်ခန့်အကွာရှိ ရှေ့တန်းကနွယ်တူတပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရှပ်ဒူဇွပ်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အသေးစိတ်ပြည့်စုံအောင်တော့ မသိရသေးဘူး။ မနက်ပိုင်းမှာ သေနတ်သံတွေတော့ ကြားရတယ်။ အခုပြည်သူ့စစ်တွေ သွားတိုက်ခိုက်တဲ့နေရာက အရင်ကသိမ်းထားတဲ့နေရာရဲ့ နည်းနည်းအပေါ်မှာ စခန်းပြန်ထိုင်ထားတဲ့နေရာ။ လာတိုက်တဲ့အချိန် KIA ဘက်က ရှောင်သွားတဲ့ပုံစံ ဟုတ်မယ်ထင်တယ်” ဟုပြောသည်။

KIA ရှေ့တန်းတပ်စခန်းတိုက်ခိုက် သိမ်းပိုက်ခံရသည်မှာ မှန်ကန်ကြောင်း အမည်မဖော်လိုသည့် KIA သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“သတင်းကမှန်တယ် ပြန်အတည်ပြုနေတယ်။ ရှေ့တန်းစခန်း အသေးစိတ်ကမသိရသေးဘူး” ဟုပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ တယ်လီဂရမ်ချန်နယ်တွင် KIA တပ်ရင်း ၁၄ ၏ ကနွယ်တူတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း မြောက်များစွာသိမ်းဆည်းရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ထိခိုက်ကျဆုံး ရှိ၊ မရှိကို The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) က စစ်ကောင်စီ လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်နေအိမ်၊ အခွန်ကောက်သည့် ဂိတ်၊ စံပြကျေးရွာရှိ တပ်စခန်းနှင့် ကိုင်းတောရွှေမှော်သွားရာလမ်းရှိ တပ်စခန်းများကို တစ်ချိန်တည်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးများရှိခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ တယ်လီဂရမ်ချန်နယ်

သင့်ထင်မြင်ချက်ရေးပေးပါ