ဒီပဲယင်းမြို့နယ်၊ လက်တီးကျေးရွာကို ယမန်နေ့ နံနက် ခြောက်နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာကာ ဒေသခံအမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီကြောင်းထိုးချိန်တွင် လက်တီးကျေးရွာ ဒေသခံကိုနိုင်လင်းဆိုသူကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ကိုငမြနှင့် ကိုကျော်ခိုင်ဆိုသူနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ ကိုကြီးဖြိုးက The 74 Media ကိုပြောသည်။

 

“ပထမဆုံးဝင်တဲ့ ယင်းတွေကျေးရွာပေါ့ဗျာ။ အဲ့ကျေးရွာ အစွန်ဆုံးကနေ အိမ်တစ်အိမ်ကိုတော့ စက်လက် (စက်သေနတ်) နဲ့ ရမ်းကားပစ်ခတ်သွားတာမျိုးရှိတယ်ဗျာ။ လက်တီးကျေးရွာကို ဝင်ရောက်တဲ့အချိန်ကျတော့ ပြည်သူတစ်ဦးကို ခေါင်းဖြတ်ပြီးတော့ နှစ်ယောက်အဖမ်းခံရတယ်ဆိုတာကတော့ ခဏမှပဲအတည်ပြုလိုက်နိုင်တာဗျာ” ဟုပြောသည်။

 

လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာနေကြောင်းသိရသည်။

အဆိုပါစစ်ကြောင်းသည် ရေးဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကစတင် ဝင်ရောက်လာသောစစ်ကြောင်းဖြစ်ပြီး လက်ရှိတွင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း မြို့နယ်ပကဖ ဗိုလ်စနေကပြောသည်။

 

“စစ်ကြောင်းထိုးလာတဲ့လမ်းတစ်လျှောက်နဲ့ ထိုးလာနိုင်တဲ့လမ်းတစ်လျှောက်လုံးက ဒေသခံတွေပြေးနေရတာ။ စစ်ပြေးရှောင်ဦးရေ အတိကျတော့ပြေလို့မရသေးဘူးပေါ့။ ခန့်မှန်း တစ်သောင်းကျော်ပတ်ဝန်းကျင်တော့ရှိမယ်။ အခုလောလောဆယ်ထိတော့ လက်နက်ကြီးတွေပစ်ခတ်တာမျိုးတွေတော့ မရှိသေးဘူး။ မိုးကရွာတယ်ဗျာ၊ ညကနေရွာတာ၊ ဒီမနက်စစ်ကြောင်းဝင်လာတဲ့အချိန်ထိရွာတယ်ဗျာ။ အခုလည်းဖွဲဖွဲလေးတော့ရွာနေတုန်းပဲ။ ပြေးတဲ့သူတွေလည်းမိုးထဲရေထဲပဲပြေးနေရတာပဲ၊ လမ်းကလည်းမကောင်းဘူး။ တော်တော်တော့ဒုက္ခရောက်ရတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသောကျေးရွာများမှာ လက်တီးကျေးရွာ၊ ပုဂံကျေးရွာ၊ ခွန်းတောင်းကျေးရွာ၊ ကံပြားကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ဝပါကျေးရွာ၊ သပြေသာကျေးရွာ၊ မှန်သာကျေးရွာ၊ ငြိမ်းချမ်းရွာသစ်ကျေးရွာ၊ အင်းတန်းကျေးရွာ၊ တောကျောင်းကျေးရွာနှင့် မဲသည်ကျေးရွာတို့ဖြစ်ကြကြောင်း သိရသည်။

 

စစ်ရှောင်များသည် စစ်ကြောင်းလွတ်နိုင်သော နီးစပ်ရာကျေးရွာများတွင် စစ်ဘေးရှောင်နေသူများရှိသကဲ့သို့ တောထဲတွင်မိုးကာတဲများ ဆောက်လုပ်နေထိုင်သူများလည်းရှိကြောင်းသိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ ကွက်သစ်ကျေးရွာမှ ဒေါ်အုန်းဆင့်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ