ဖားကန့်မြို ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပစ်ခတ်သံများကြားခဲ့ရပြီး ဒေသခံပြည်သူတို့၏ နေအိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ရပ်ကွက် (၁) စမ်းသီတာကုန်းရှိ လူနေအိမ်သို့ လက်နက်ကြီးတစ်လုံးရောက်ပေါက်ကွဲခဲ့သဖြင့် အိမ်ရှင်လင်မယားနှစ်ဦးနှင့် တူတော်စပ်သူတို့ လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

 

“စစ်တပ်ကုန်းကနေလှမ်းပစ်တာ။ ရဲကုန်းနားကလည်း လက်နက်ကြီးသံတွေကြားရတယ်။ အခုလက်နက်ကြီးကျတဲ့ အိမ်က သုံးယောက်လုံးစိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။ ညတွင်းချင်း ဖားကန့်ဆေးရုံကြီးကို ပို့ရတယ်။ အမျိုးသားဖြစ်သူကိုတော့ ဒီမနက် မန္တလေးဘက် ပို့လိုက်ပြီး” ဟုပြောသည်။

 

အဆိုပါသုံးဦးမှာ ဦးခေါင်း၊ လက်မောင်းနှင့် နေရာအချို့တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည့် ကိုဇင်မျိုးလတ်မှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

 

ရဲစခန်းအနီးမိုင်းပေါက်ကွဲသံစတင်ထွက်ပေါ်လာရာမှ ပစ်ခတ်သံများကြားခဲ့ရပြီး လက်နက်ကြီးပစ်ခတ်သံ ၁၀ ချက်ထက်မနည်း ကြားခဲ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

 

“ရန်သူရှိတယ်လို့ထင်ရတဲ့နေရာတွေကို ရမ်းထုတာဗျ။ စစ်ကောင်စီပစ်လိုက်တဲ့လက်နက်ကြီးကျည်တွေက ရွာနဲ့နီးနီးကပ်ကပ်နားတွေပဲ ကျတယ်။ ရဲကုန်းပတ်ချာလည် အုံးအုံး ဒိုင်းဒိုင်းနဲ့” ဟုသူကပြောသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းနှင့်စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) ရုံးတို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

 

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ကားဖြင့်ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို စက်တင်ဘာလ ၂၁ ရက်နေ့က KIA – KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ