ဖားကန့်မြို့နယ် လုံးခင်းအုပ်စု၊ ကထန်ကျေးရွာတွင် ရေခဲချောင်းသည် အမျိုးသားတစ်ဦး ယမန်နေ့ နေ့လယ် နှစ်နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ဆိုင်ကယ်ဖြင့် ရေခဲချောင်းလိုက်ရောင်းနေသည့် အမျိုးသားတစ်ဦးအား အမည်မသိလက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ကထန်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ခေါင်းကိုပဲ ချိန်ပစ်သွားတာဟုတ်တယ်။ ပစ်ခံရတဲ့သူလည်း အဲ့နေရာမှတင် ပွဲချင်းပြီး သေသွားတယ်။ ဆိုင်ကယ်နဲ့ပဲ လာပစ်သွားတာလို့သိရတယ်။ ဒလန်လို့တော့ပြောတယ်”ဟုပြောသည်။

သေဆုံးသူသည် အသက် ၃၀ အရွယ်ဝန်းကျင်ဖြစ်ပြီး ရုပ်အလောင်းအား လုံးခင်းနာရေးလူမှုကူညီရေးအဖွဲ့က ယူဆောင်သွားခဲ့ကြောင်း အခြားကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“ရွာကလူတွေပဲ အလောင်းကို မိုးကာနဲ့ သေသေချာချာပတ်ထားပေးလိုက်တယ်။ သွေးတွေလည် စီးကျနေတာ။ စစ်သားတွေတော့ရောက်မလားဘူး”ဟုပြောသည်။

မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကိုမသိရသေးကြောင်းနှင့် အသတ်ခံရသူသည် စစ်ကောင်စီသတင်းပေး ဒလန်ဟုပြောဆိုနေကြသော်လည်း The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ဖားကန့်မြို့ မှော်စီစာကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် ပြီးခဲ့သည့် စက်တင်ဘာလ(၁၉)ရက်နေ့က အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

သတင်း – Pe Ti

ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ