ရပ်ရွာအခြေပြုကျောင်းမတီအဖွဲ့ကဦးဆောင်ပြီး ဖွင့်လှစ်ထားသည့် ဝိုင်းမော်မြို့နယ်၊ ဂါးရာယာန်ကျေးရွာရှိ ဘော်ဒါဆောင်တွင် ကျောင်းသား၊ကျောင်းသူများ ညအချိန် စာကြည့်ရန်အတွက် လျှပ်စစ်မီးအကူအညီလိုအပ်နေကြောင်း သိရသည်။

စက်တင်ဘာလအစောပိုင်းမှစတင်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖယောင်းတိုင်ပင်လောက်ငှအောင် မသုံးမပြုနိုင်ဘဲ အခက်အခဲဖြစ်နေကြောင်း ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အဆောင်က ကလေးတွေ နေ့ဆိုရင် အစိုးရကျောင်းသွားတယ်။ ကျောင်းပြင်ပချိန်မှာဆိုရင် အဆောင်မှာနေတာပေါ့။ မီးစက်တော့ရှိတယ်၊ ဆီမဝယ်နိုင်တော့ ဖယောင်းတိုင်နဲ့ပဲ စာကြည့်ကြတာ။ ဖယောင်းတိုင်လည်း မလောက်ဘူး၊ ကလေးတွေက ကောင်းကောင်းလည်း မမြင်ရနဲ့။ တချို့ဖယောင်းတိုင် မဝယ်နိုင်တဲ့သူက သူငယ်ချင်းနားမှာ ကပ်ပြီး စာဖတ်နေကြရတာ” ဟု ပြောသည်။

ထိုအဆောင်တွင် ကဇူး၊ ဒဘတ်၊ နမ်ဆန်ယာန်နှင့် ဂါးရာယာန်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများကို အတန်းပညာ၊ တရုတ်စာ၊ ဂီတပညာရပ်နှင့် ပြည်သူ့နီတိများကို စေတနာ့ဝန်ထမ်း ၁၀ ဦးခန့်က သင်ကြားပေးနေကြောင်း သိရသည်။

ဂါးရာယာန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် အစိုးရခန့် ပညာရေးဝန်ထမ်း မလုံလောက်မှုကြောင့် ရပ်ရွာအခြေပြုကျောင်းကော်မတီက ဦးဆောင်ပြီး ဘော်ဒါဆောင်တစ်ခုဖွင့်လှစ်ထားကာ ပညာသင်ကြားပေးနေကြောင်း ကျောင်းကော်မတီတာဝန်ခံက ဆက်ပြောသည်။

“အစိုးရကျောင်းမှာ ကျောင်းဆရာမ မလုံလောက်တော့ ကလေးတွေရဲ့ ပညာရေး တော်တော်နောက်ကျနေမှာကို စိုးရိမ်တဲ့အတွက် ကော်မတီဖွဲ့ပြီး ဘော်ဒါဆောင်ဖွင့်လိုက်တယ်။ မူလတန်းတွေကို မနက်ပိုင်းမှာ ကျောင်းစာ သင်ပေးတယ်၊ ညနေပိုင်းမှာ တရုတ်စာ သင်ပေးတယ်။ ပြီးရင် အလယ်တန်းတွေကိုတော့ မနက် တရုတ်စာနဲ့ ညနေ ကျောင်းစာ သင်ပေးနေပါတယ်။ ၆၊ ၇၊ ၈ တန်းတွေကိုတော့ အဆောင်သွင်းပြီး ညမှာလည်း စာခေါ်ကြည့်တာတွေ လုပ်နေပါတယ်” ဟု ပြောသည်။

အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို နေထိုင်စားသောက်စရိတ်အတွက် တစ်လလျှင် ငွေ သုံးသောင်းကျပ်နှင့် ဆန် ခြောက်ပြည်ကိုသာ ကောက်ခံသောကြောင့် အခြားအသုံးစရိတ်အတွက် ငွေကြေးအကူအညီများ လိုအပ်နေကြောင်း ဆက်ပြောသည်။

“စားသောက်စရိတ် သုံးသောင်းပဲ ပေးသွင်းရပေမဲ့ အများပိုင်းက မထည့်နိုင်ကြဘူး။ အဲ့ဒီတော့ စက်သုံးဆီဝယ်ဖို့ မတတ်နိုင်ဘူးပေါ့။ ဖယောင်းတိုင်နဲ့ပဲ စာကြည့်နေရတယ်။ အခုလက ဆန်တောင် ချေးပြီး ကျွေးနေရတယ်။ ကလေးတွေအတွက် အဆင်ပြေအောင် လုပ်ပေးချင်ပေမဲ့ နေရပ်ပြန်တာ မကြာသေးတော့ ပတ်ဝန်းကျင်မှာလည်း ခြုံတွေနဲ့ပဲ၊ အခက်အခဲ အမျိုးမျိုးရှိနေတဲ့ကြားကနေ အဆင်ပြေသလို အဆောင်ကိုလည်း ဝါးနဲ့ လုပ်ပြီး ပညာသင်ယူနေတယ်” ဟု ပြောသည်။

အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ စာကြည့်ရန်အတွက် တစ်ညလျှင် စက်သုံးဆီ ကျပ်ငွေ တစ်သောင်းခန့် ကုန်ကျကြောင်း သိရသည်။

ဂါးရာယာန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးခန့်ကို အလှည့်ကျစနစ်ဖြင့် ဆရာ၊ ဆရာမ ငါးဦးက သင်ကြားပေးနေကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လူဦးရေ တစ်ထောင့်သုံးရာကျော်နေထိုင်သော ဂါးရာယာန်ကျေးရွာမှ ဒေသခံများသည် ၂၀၁၁ ခုနှစ်က တစ်ကျာ့ပြန်တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေရပ်တွင် ပြန်လည်အခြေချနေထိုင်ခဲ့ကြောင်းသိရသည်။

သတင်း – Pan Soon

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ