စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အမှတ် – ၂ စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးတစ်ဦးကို Black Falcon Guerrilla Force ကနေအိမ်အတွင်းဝင်ရောက် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်မင်္ဂလာရပ်ကွက်ရှိ ဗိုလ်ကြီးအောင်ဖြိုးသိန်း၏ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Black Falcon Guerrilla Force တပ်ဖွဲ့ခေါင်းဆောင် De Mon က The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ ဒီဗိုလ်ကြီးကို သူ့ရဲ့နေအိမ်မှာပဲဗျ။ မြို့လယ်ခေါင် သူတို့လုံခြုံရေးလည်း အပြည့်ချထားတယ်။ အဲဒီဘက်မှာ မနက် ၇ နာရီဝန်းကျင်မှာ ဝင်ရောက်ထိန်းသိမ်းခဲ့တာပေါ့” ဟုဆိုသည်။

နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့စဉ် ဗိုလ်ကြီးအောင်ဖြိုးသိန်း၏ ဇနီးမှ လူကိုဖမ်းဆီးခြင်းမပြုဘဲ ငွေသားနှင့် ပစ္စည်းဥစ္စာများကိုယူဆောင်ရန်ပြောဆိုခဲ့သော်လည်း လူကိုသာဖမ်းဆီးခဲ့ကြောင်း သူကဆက်ပြောသည်။

“အဖမ်းခံရတဲ့ ဗိုလ်ကြီးအောင်ဖြိုးသိန်းကလည်း ဒီနေရာမှာပဲ ပစ်သတ်သွား မင်းတို့နဲ့မလိုက်နိုင်ဘူး။ ကျွန်တော်တို့ ခင်ဗျားကို မသတ်ဘူး။ ကျွန်တော်တို့မှာ ဥပဒေရှိတယ်။ ဥပဒေအတိုင်းဆောင်ရွက်မှာပါ။ နောက်ပိုင်း ဒီရောက်တော့ ကျနော်တို့ပြုမှုဆက်ဆံပုံနဲ့ ပြောဆိုမေးမြန်းပုံတွေကိုသူမြင်သွားတဲ့နောက်ပိုင်းမှာတော့ ပထမပြောခဲ့တဲ့စကားတွေ ထပ်ပြီးတော့ထွက်လာတာ မရှိတော့ဘူး။ ကျနော်တို့ကိုယုံသွားတာလည်းပါတယ်” ဟုဆိုသည်။

ဗိုလ်ကြီးအောင်ဖြိုးသိန်းကို ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သောကြောင့် သတင်းထုတ်ပြန်မှု နှောင့်နှေးကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်းရှင်းပြသည်။

ဖမ်းဆီးရခြင်း အကြောင်းအရင်းနှင့်ပတ်သက်ပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဗိုလ်ကြီး အောင်ဖြိုးသိန်းအား အိမ်စီးကားတစ်စီး၊ ဖုန်းနှစ်လုံးနှင့် လက်တော့တစ်လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

သတင်း – Thu Ta

ပုံ – NUG

သင့်ထင်မြင်ချက်ရေးပေးပါ