ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာနေ CDM ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန့်နေ့ည ကိုးနာရီခွဲခန့်က နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဒလန်သတင်းပေးမှုကြောင့် နေအိမ်ရောက်ရှိသည်နှင့် ဖမ်းခံရခြင်းဖြစ်ကြောင်း နမ်းခမ်းကျေးရွာနေ လူငယ်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“CDM ဝင်ထားလို့ရွာမပြန်လာဘဲ အောက်ပိုင်းမှာပဲနေတာ။ အရင်နေ့ကမှပြန်လာတာ ရွာကဒလန်တွေ သတင်းပေးပုံရတယ်။ ပြန်ရောက်တာနဲ့ ချက်ချင်းဖမ်းသွားတယ်။ ဆရာပြန်လာတာ ကျွန်တော်တို့တောင်မသိဘူး။ ဆရာကတိတ်တိတ်လေး ပြန်လာတာ။ ညကအိမ်ကို စစ်သားတွေဝိုင်းပြီး ဖမ်းသွားမှသိတာ။ ဆရာက CDM ဝင်တာကလွဲလို့ နိုင်ငံရေးလှုပ်ရှားတာမျိုး မကြားဖူးဘူး” ဟုပြောသည်။

ဆရာကြီးသည် ဆီးချိုသွေးချိုနှင့် ကျောက်ကပ်ရောဂါခံစားနေသောကြောင့် သူ၏ကျန်းမာရေးအတွက် စိတ်ပူမိကြောင်း သူကဆက်ပြောသည်။

“ကိုယ့်ရွာသားအချင်းချင်းကိုမှ လုပ်ရက်တာ။ ရွာမှာလည်း တကယ်လေးစားရတဲ့ ဆရားတစ်ပါးပဲ။ ဆရာကကျန်းမာရေးမကောင်းဘူး။ ထောင်ထဲရောက်ရင် ဘယ်လိုအခြေအနေဖြစ်မယ်ဆိုတာလည်း သိသိနဲ့လုပ်ရက်ကြတာ”  ဟုပြောသည်။

ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းမှ လက်နက်အပြည့်အစုံ အင်အားနှစ်ဆယ်ခန့်ဖြင့် လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာခံ အမျိုးသားတစ်ဦးကပြောသည်။

“ငါတို့လည်း ဆရာပြန်လာတာမသိလိုက်ဘူး။ ကားနဲ့လာပြီးဖမ်းသွားတာ။ ကားကိုတော့ ဆရာအိမ်မရောက်ခင် ရပ်ထားပြီး ခြေကျင်နဲ့ဝင်ဖမ်းသွားတာ။ လက်နက်အပြည့်အစုံနဲ့လာဖမ်းသွားတာ။ အင်းအားကတော့ အရမ်းများတယ်။ မနှစ်တုန်းက အားလူးခြံလုပ်တဲ့နေရာမှာ၊ ဒီနှစ်လည်းခြံပြန်လုပ်မယ်ဆိုပြီး ပြန်လာတာဟုတ်တယ်တဲ့” ဟုပြောသည်။

ဖမ်းဆီးခံရသူမှာ ပူတာအိုမြို့နယ်၊ မူလာရှီးဒီအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီးဖြစ်သော အသက် ၆၀ ခန့်အရွယ် ဦးဟေဆန်းဖြစ်ပြီး လက်ရှိအချိန်တွင် ပူတာအိုအခြေစိုက် ဗျူဟာတပ်ရင်းတွင် ဖမ်းဆီးထားကြောင်းသိရသည်။

အာဏာသိမ်းပြီးနောက် ပူတာခရိုင်အတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများက CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် CDM အချို့မှာ ဝန်ခံကတိထိုးကာ ရုံးပြန်တက်နေကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ဖမ်းဆီးခံခဲ့ရသော CDM ကျောင်းအုပ်ဆရာကြီး ဦးဟေဆန်း။

သင့်ထင်မြင်ချက်ရေးပေးပါ