ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယနေ့ နံနက် ကိုးနာရီခန့်က ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် မိုးကြိုးပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ သိမ်နှင့် ဘုရားဆင်းတုတော်များ ပျက်စီးသွားကြောင်း မျိုးဆက်သစ်လူငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက The 74 Media ကိုပြောသည်။

“အဲ့ကောင် (စစ်ကောင်စီ) တွေက တရစပ်ကိုပစ်လိုက်လာတာဆိုတော့ ဘုရားရယ် ပြီးတော့ သိမ်ရယ် ပျက်စီးသွားတယ်။ ပျက်စီးသွားတာက အပေါက်ကြီးပေါက်ပေါက်သွားတာ။ လက်နက်ကြီးတွေနဲ့ထုတယ်ဆိုတော့ အပေါက်တွေတော့ တော်တော်ကြီးတယ်။ ရှစ်မျက်နှာဘုရားလည်းခါးကျိုးသွားတယ်” ဟုပြောသည်။

မုံရွာမြို့၊ ဇက်ကူးတို့ဆိပ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အဆိုပါစစ်သင်္ဘောကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြစ်ကမ်းတစ်လျှောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု Fightre 9 Force Salingyi မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မုံရွာကနေ စုန်းဆင်းပြီးတော့ ဆားလင်းကြီးမြို့နယ် ကမ်းတစ်လျှောက်မှာ လက်နက်ကြီးငယ်ပစ်ခတ်ခဲ့တယ်။ တော်လှန်ရေး ညီအစ်ကိုတွေ PDF တပ်ဖွဲ့ပေါင်းစုံက ရှေ့ထွက်မိုင်းတွေ၊ ပြောင်းတိုက်ကြီးတွေ။ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။ အခုချိန်ထိတော့ တော်လှန်ရေးရဲဘော်တစ်ဦးမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိဘူး။ စကစ(စစ်ကောင်စီ)ဘက်ကလည်း အထိခိုက်အတိကျမသိရသေးဘူး” ဟုပြောသည်။

လက်ရှိချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းနေပြီး လုံခြုံရေးအပြည့်ဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ကြေးနီများသယ်ယူနေကြောင်းလည်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောပေါ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကနီမြို့နယ်၊ ငါးဖျက်ကျေးရွာမှ ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ