သတ်ဖြတ်ခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံနှစ်ဦးတို့၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းက ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်တွေ့ရှိခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြီးနောက် ဒေသခံများနှင့်အတူ အခြေအနေစုံစမ်းရန်အတွက် ကျေးရွာအတွင်းသို့ဝင်ရောက်သွားသူများဖြစ်ကြပြီး ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်ခဲ့ပြီး နဖူးတွင် ”ကျားဘီလူးစစ်ကြောင်း” ဟုရေးသားခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျေးရွာထဲကို ပြည်သူတွေဝင်ရောက်နိုင်အောင် မိုင်းတွေ၊ တစ်ခြားလက်နက်တွေ ရှိ၊ မရှိစုံစမ်းတာ။ နယ်မြေရှင်းလင်းရေးခေါ်တာပေါ့နော်။ PDF ကတော့တွေ့လို့ ပစ်ခတ်ရင်းနဲ့ ကျသွားတယ်။ တစ်ခြားနှစ်ယောက်ကတော့ အရှင်မိတယ်။ အရှင်မိပြီးမှပဲ လူသားမဆန်စွာ သတ်ဖြတ်ခြင်းခံလိုက်ရတာပေါ့။ ကိုယ်လက်အင်္ဂါတွေ အရင်ဖြတ်တောက်ပြီးတော့ သတ်ခံရတဲ့ သဘောပါပဲ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် ပုလဲမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့များဖြစ်ကြပြီး ညောင်းကုန်းကျေးရွာအတွင်း စစ်ကြောင်းထိုးပြီး တပ်ဆုတ်သွားသကဲ့သို့ ဟန်ဆောင်ကာ ဒေသခံများအဝင်ကို ကင်းပုန်းဝပ်ကာစောင့်နေခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကပြောသည်။

“စစ်ကြောင်းပြန်ပြီထင်ပြီးတော့ ရှင်းလင်းရေးပုံစံဆိုပေမဲ့ ရွာသူရွာသားတွေနဲ့ဝင်လိုက်တာပေါ့နော်။ အမှန်တကယ်က စစ်ကြောင်းက အထွက်ပြပြီး မထွက်ဘဲနဲ့ ရွာထဲမှာပဲ ကင်းပုန်းတွေနဲ့သေချာစနစ်တကျလုပ်ထားပြီး စောင့်နေကြတာ။ သွားတာကတော့ အရပ်သားတွေပဲပါတာ ရဲဘော်တော့ တစ်ယောက်ပဲပါတာ။ အဲ့ရဲဘော်ကိုလည်း အရပ်သားတွေက ရွာထဲကိုဝင်တယ်ဆိုတော့ စစ်ကြောင်းမရှိဘူးထင်ပြီးလိုက်ကူတာပေါ့” ဟုပြောသည်။

ကျဆုံးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံများအရ သတ်ဖြတ်ခံရသူ သုံးဦးစလုံး ဦးခေါင်းဖြတ်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့၏ ဦးခေါင်းများကို ခုံတန်းရှည်နှင့်ခြံစည်ရိုးတွင် ချိတ်ထားသည်ကိုတွေ့ရှိရသည်။

အဆိုပါစစ်ကြောင်းသည် အင်အား ၈၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် ပုလဲမြို့နယ်မှထွက်ခွာသွားပြီး ဆားလင်းကြီးမြို့နယ်ဘက်သို့ ဝင်ရောက်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်း ညောင်းကုန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၁၀ ဦးသေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ကျားသစ်နက်တပ်မတော်Black Leopard Army FB Page

သင့်ထင်မြင်ချက်ရေးပေးပါ