မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်တွင် ယနေ့ ညနေ ငါးနာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အေးစေတီရပ်ကွက်နှင့်ကျွန်းပင်သာရပ်ကွက်ကြားရှိ ဒေသအခေါ် အဝိုင်းပတ်အနီးတွင် မြစ်ကြီးနားအကျဉ်းထောင်မှ အချုပ်ကားတစ်စီး ဖြတ်သန်းသွားချိန် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အေးစေတီရပ်ကွက်နေ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“အနီးဆုံးလူတွေကိုမေးတဲ့အခါကျတော့ ချုံပုတ်ထဲကနေကွဲတယ်လို့ပြောတာပဲ။ အချုပ်ကားဖြတ်သွားတဲ့အချိန်ကွဲတာ။ ထိခိုက်မှုတော့မရှိပါဘူးဗျ” ဟုဆိုသည်။

မိုင်းပေါက်ကွဲမှုအသံကို ကြားခဲ့ရသော်လည်း ထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး မသိရှိရကြောင်း ဗုံးပေါက်ကွဲခဲ့သည့်နေရာအနီး ဖြတ်သွားခဲ့သည့် အမျိုးသားတစ်ဦးကဆက်ပြောသည်။

“အေးစေတီ (ရပ်ကွက်) ဖူဂျီအအေးဆိုင်ပေါ့။ အဲဒီနားပတ်ဝန်းကျင်မှာဖြစ်တာ။ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်ပေါ့လေ။ ကျွန်တော်တော့မသိလိုက်ပါဘူး အိမ်ပြန်လာတဲ့အချိန် လူတွေအုံနေတာတော့တွေ့ခဲ့တယ်” ဟုဆိုသည်။

မြစ်ကြီးနားမြို့နှင့် အနီးတစ်ဝိုက်လှုပ်ရှားလေ့ရှိသည့် မြောက်ပိုင်းညီနောင်များအဖွဲ့ (NBPDF) က ကင်းလှည့်စစ်တပ်ကားတစ်စီး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ (စရဖ) စီးလာသည့် အိမ်စီးကားတစ်စီးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအခြေနေနှင့်ပတ်သက်ပြီး The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း မော်ဖောင်းကျေးရွာအနီးရှိ စစ်ကောင်စီလေတပ်စခန်းအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

ပုံ – မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် စစ်ကောင်စီစစ်ကားများနှင့်အချုပ်ကားတစ်စီးကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ