မိုဘိုင်းလ်ဖုန်း SIM Card များကို မှတ်ပုံတင်ပြီးမှသာ ရောင်းချရန်နှင့် လွှဲပြောင်းအသုံးပြုချိန်တွင် ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ထောင်ဒဏ်ခြောက်လနှင့်ငွေဒဏ်ချမှတ်နိုင်မည့် ဆက်သွယ်ရေးဥပဒေဖြင့်အရေးယူသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ မြဝတီသတင်းစာတွင် ထုတ်ပြန်လိုက်သည်။

ငွေကြေးလိမ်လည်မှုများကို ကာကွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ရန်အတွက် ယခုကဲ့သို့ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ပြီးမှသာ SIM Card များကို ရောင်းချရန် စစ်ကောင်စီက ယနေ့ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုဘိုင်းလ်အရောင်းဆိုင်များအနေဖြင့်လည်း မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ပြီး မည်သူမဆို လိမ်လည်မှတ်ပုံတင်ခြင်း၊ အသုံးပြုသူညွှန်ကြားချက်နှင့် မကိုက်ညီဘဲ မှတ်ပုံတင်ခြင်းမရှိသော SIM Card များကို ရောင်းချခြင်းမပြုလုပ်ရန် ဖော်ပြထားသည်။

ထို့အပြင် SIM Card အမည်လွှဲပြောင်းအသုံးပြုသူများအနေဖြင့်လည်း ကိုယ်ရေးအချက်အလက်မှန်ကန်စွာဖြင့် ပြန်လည်မှတ်ပုံတင်ရမည်ဟုဖော်ပြထားသည်။

ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သည်ဟုတွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူမည်ဟုပါဝင်ပြီး ပုဒ်မ ၇၂ တွင် ဖောက်ဖျက်ကျူးလွန်ပါက ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ဖော်ပြထားသည်။

SIM Card မှတ်ပုံတင်ချိန်တွင် ကိုယ်ရေးအချက်အလက်များ မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသော SIM Card များကို အပြီးပိတ်သိမ်းမည့်အပြင် လက်ကျန်ငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှထွက်ခွာသွားပြီး စစ်ကောင်စီက မှတ်ပုံတင်ပြုလုပ်ခိုင်းရခြင်းမှာလည်း Sim Card များမှတစ်ဆင့် နွေဦးတော်လှန်ရေးတွင်နည်းလမ်းအမျိုးမျိုးဖြင့်ပါဝင်နေသူများကို ခြေရာခံရန်အတွက်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများကဆိုသည်။

သတင်း – ဒေးဗစ်

ပုံ – ၂၀၁၈ ခုနှစ်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မိုဘိုင်းလ်အော်ပရေတာတစ်ခုဖြစ်သော Mytel ၏ အခမ်းအနားတွင်တွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ