ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘောနှစ်စီးကို ကနီမြို့နယ် မြစ်ကမ်းတစ်နေရာတွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်းသိရသည်။

မင်းကင်းမြို့နယ်၊ ပန်းဆက်ပျူကျေးရွာမှ ချင်းတွင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောကို ကနီမြို့အနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သုံးနေရာခွဲကာ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့သည်ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တူမီးပြောင်းတိုက်နဲ့ စနိုက်ပါကို အဓိကထားပြီးတိုက်ခိုက်ခဲ့ပါတယ်။ စနိုက်ပါ စာမိပြီးတော့ စစ်သင်္ဘောပေါ်က စက်ကြီး(စက်လက်နက်ကြီး)ဆွဲနေတဲ့ (စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး)သေဆုံးကြောင်း တည်ပြုနိုင်ခဲ့တယ်။ အနီးကပ်ဆိုတော့ မျက်မြင်ကိုယ်တွေ့ အတည်ပြုနိုင်ခဲ့တယ်။ သင်္ဘောကတော့ အခိုင်အမာလုပ်ထားတယ်ဆိုတော့ ပျက်စီးသွားတာမျိုးတော့မရှိဘူးဗျာ” ဟုပြောသည်။

စစ်သင်္ဘောပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်သေဆုံးသွားသည်ဟုဆိုသော်လည်း The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သင်္ဘောစုန်ရာလမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကနီမြို့နယ်၊ ငမုဌော(အရှေ့)ကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ငါးဖျက်ကျေးရွာဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်းသူကဆက်ပြောသည်။

“သင်္ဘောကနေ လက်နက်ကြီး လက်နက်ငယ် တော်တော်ပစ်တာဗျာ။ စုန်လာတဲ့လမ်း မှန်သမျှ အကုန်ပစ်တာဗျာ။ စက်လက်နက်တွေလည်းဆွဲတယ်။ ထိခိုက်တဲ့ပြည်သူက အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး။ ငါးဖျက်ကျေးရွာက ဘုန်းကြီးကျောင်းတော့ တော်တော်လေးကို စုတ်ပြတ်သတ်သွားတယ်။ ဆရာတော်ကတော့ အထိခိုက်မရှိပါဘူး” ဟုပြောသည်။

အဆိုပါတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း – 21၊ 22၊ 23၊ KLG PDF၊ ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ် တပ်မဟာပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံ ပကဖများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်သင်္ဘော ခုနှစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ