ချင်းဒေသကာကွယ်ရေးတပ် CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်နှစ်ဦးကို ဆော – PDF တပ်ရင်း (၃) အဖွဲ့ဝင်များက မေ့မျောသည်အထိ ရိုက်နှက်ခဲ့သောကြောင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီခန့်က ဆောမြို့နယ်မှ ကန်ပက်လက်မြို့သို့အပြန် လမ်းခုလတ်တစ်နေရာတွင် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက The 74 Mediaကို ပြောသည်။

“ဖြစ်စဉ်ကတော့ အသေးစိတ်လည်းကျွန်တော်တို့ မသိရသေးဘူး။ တစ်နေ့ညက ဆောမှာပဲ အရိုက်ခံရတာ။ သူတို့အခြေနေက မသေချာသေးဘူး။ တော်တော်လေးကို အထိနာထားတာဆိုတော့ ဆေးရုံဘက်ကိုခေါ်သွားကြတယ်” ဟုဆိုသည်။

ရိုက်နှက်ခံရမှုကြောင့် CDF တပ်ဖွဲ့ဝင်နှစ်ဦး၏ ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်းသူကဆိုသည်။

ဆောမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ (ဆော-PDF) နှင့် CDF ကန်ပက်လက်အဖွဲ့မှာ မဟာမိတ်များဖြစ်ကြပြီး မည်သည့်အကြောင်းကြောင့် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။

“သူတို့ဘက်က ဘာမှအဲ့ဒီလို ဆွေးနွေးလာတာလဲ မရှိဘူး။ ဘာလို့အဲ့ဒီလိုရိုက်သလဲဆိုတာလည်း မသိရသေးဘူး။ သူတို့နဲ့က မဟာမိတ်တွေပဲ” ဟုဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆော-PDF တပ်ရင်း ၃ တာဝန်ခံသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်နိုင်ခြင်းမရှိသေးပါ။

မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်သည် ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဆောမြို့နှင့် ကန်ပက်လက်မြို့မှာ ၁၂ မိုင်ခန့်ကွာဝေးကြောင်းသိရသည်။

ဆောမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆော- ကန်ပက်လက်လမ်းတွင် ဖြတ်သန်းသွားလာသူများကို မကြခဏရိုက်နှက်လေ့ရှိသည့် ဖြစ်စဉ်များရှိကြောင်းဒေသခံများထံမှသိရသည်။

ထိုလမ်းပိုင်းတွင် ဆော-PDF မှ ကန်ပက်လက်ပြည်သူများနှင့် CDF တပ်ဖွဲ့ဝင်များအပေါ် ရိုက်နှက်သည့်ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း ဒေသတွင်းအခြေနေများကိုဖော်ပြနေသည့် Kanpetlet Voice က ဖော်ပြရေးသားထားသည်။

သတင်း- Thu Ta

ဓာတ်ပုံ- Kanpetlet Voice

 

သင့်ထင်မြင်ချက်ရေးပေးပါ