မြစ်ကြီးနာမြို့၊ စီတာပူရပ်ကွက်တွင် ယနေ့ နေ့လယ် တစ်နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

မနောင်ကွင်းရှေ့တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ ဘယ်ဘက်ပုခုံးရိုးကျိုးဒဏ်ရာ၊ ဘယ်ခြေဖနောင့်ကွဲဒဏ်ရာ၊ ဦးခေါင်းနှင့် ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/မြစ်ကြီးနားမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လိုတွေ တိုက်ကြသလဲတော့ အတိကျတော့မသိဘူး။ ကားအမျိုးစားကိုလည်းမသိဘူး။ တိုက်ပြီးကားသမားက ပြေးသွားတာ။ အရှိန်တော့ပြင်းမယ်ထင်တယ်။ ဆိုင်ကယ်လည်းဆိုး(ဆိုးဆိုးဝါးဝါးပျက်စီးနေ)တယ်။ လူနာကအခြေအနေ နည်းနည်းတော့စိုးရိမ်ရတယ်” ဟုပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော အဆိုပါ အမျိုးသမီးသည် အသက် ၃၀ ခန့်အရွယ်ဖြစ်ပြီး လက်ရှိအချိန်တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မန်ခိန်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ဆိုင်ကယ်နှင့်စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး စက်ဘီးမောင်နှင်လာသူ အဘိုးအိုသေဆုံးသွားကြောင်းသိရသည်။

သတင်း – Dureng

ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/မြစ်ကြီးနား fb page

 

သင့်ထင်မြင်ချက်ရေးပေးပါ