ကားတွင်ပစ်ခတ်ခံခဲ့ရစဉ် ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မွန်းလွှဲ လေးနာရီခန့်က ဖားကန့်ဆေးရုံတွင် ထပ်မံပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက်နေ့က ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးလိုက်ပါလာသည့် ကားပစ်ခတ်ခံရပြီးနောက် ဒဏ်ရာပြင်းထန်သည့်သုံးဦးအား မှော်ဝမ်းရပ်ကွက်ရှိဆေးရုံတွင် အမည်မသိလက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု မှော်ဝမ်းရပ်ကွက်နေ အသက် (၂၈)နှစ် အရွယ်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လုံခြုံရေးလည်းယူထားတဲ့ ကြားထဲကကိုမှ ပစ်သွားတာဟုတ်တယ်။ အရာရှိလို့ပြောတဲ့တစ်ယောက်ကတော့ ခေါင်းကျည်ထိသွားတယ်။ ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာပြင်းတယ် သေမယ်ထင်တာပဲ” ဟုပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်တပ်ဖွဲ့ဝင် အင်အားသုံးဆယ်ခန့် ဖားကန့်မြို့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းနှင့်လူနာများအားစစ်ဆေးမေးမြန်းနေပြီး နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားထိပ်တွင်လည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း နမ္မဖြစ်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ပန်းတင်တံတားနားမှာတော့ အိတ်တွေပါလာတာနဲ့ကိုစစ်တယ်။ ပြီးတော့မြေကြီးပေါ်လည်း မှောက်ခိုင်းတယ်။၊ ရှိသမျှအိတ်တွေ အကုန်ဖွင့်စစ်တာ။ ဆေးရုံတက်နေတဲ့အသိတစ်ယောက် ဖုန်းဆက်လာတာတော့ သူတို့ထဲမှာလည်း အကုန်စစ်မေးနေတယ်”ဟုပြောသည်။

ဆေးရုံတွင်း ပစ်ခတ်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခြင်း၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းနှင့်စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်(စရဖ)ရုံးတိုကို ယနေ့ အစောပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

သတင်း – Pe Ti

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်ခံခဲ့ရသည့် ဖားကန့်ပြည်သူ့ဆေးရုံကိုတွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ