ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာနေသောကြောင့် မြစ်ကြီးနား – ပူတာအိုခရီးစဉ် ပြေးဆွဲနေသာ ခရီးသည်လိုင်းကားအချို့ ရပ်နားထားကြောင်းသိရသည်။

တိုက်ပွဲပြင်းထန်လာနိုင်သည့် အခြေနေရှိနေသောကြောင့် ကားပြေးဆွဲခြင်း ရပ်နားလိုက်ခြင်းဖြစ်ပြီး လုံခြုံစိတ်ချရသည့် အခြေနေမှသာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ကားသမားတစ်ဦးက The 74 Media ကိုပြောသည်။

“မြစ်ကြီးနား – ပူတာအိုဘက်တော့ မဆွဲတော့ဘူး။ အဲ့ဘက်မှာတော့ လမ်းအခြေနေကောင်းကောင်းမဟုတ်လို့လေ။ စိတ်ချလက်ချသွားလို့ရတဲ့အချိန်မှပဲသွားတော့မယ်။ စစ်အင်အားဖြည့်ဖို့ ဖမ်းတာတော့ နှစ်ဖွဲ့လုံးဖမ်းတယ်။ သူတို့တွေက ကြုံတဲ့ချိန်မျိုးမှာ ဆွဲတာပေါ့။ အတိကျတော့စောင့်လေ့မရှိဘူး၊ ဘယ်ချိန်ဘယ်လိုကြုံမလားတော့ ကျွန်တော်တို့လည်းခန့်မှန်းလို့မရဘူးပေါ့၊ အများပိုင်းကတော့အခုလို စစ်ဖြစ်တဲ့အချိန်ဖမ်းတာပိုများတဲ့အတွက် စိုးရိမ်လို့မဆွဲတော့တာပေါ့” ဟုပြောသည်။

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတွင် စစ်ရေးတင်းမာနေသော်လည်း တင်းကြပ်စွာစစ်ဆေးခြင်းမရှိကြောင်း ပူတာအိုမှ မြစ်ကြီးနားသို့ခရီးသည်ပို့ဆောင်ခဲ့သူ ကားသမားတစ်ဦးကဆက်ပြောသည်။

“လမ်းကြောအခြေနေက ကောင်းပါတယ်။ စစ်ဆေးရေးဂိတ်မှာလည်းပုံမှန်ပါပဲ၊ ကျွန်တော်လည်း ဒီနေ့မှဆင်းတာ။ တစ်ခြားသူတွေလည်းဆင်းပါတယ်၊ အခုထိတော့အခြေနေက ကောင်းနေသေးတယ်” ဟုပြောသည်။

လက်ရှိ ခရီးသွားနေသူများသည် ကျောင်းသား/ကျောင်းသူများ၊ အလုပ်ကိစ္စကြောင့် ခရီးသွားလာသူများနှင့် ကျန်းမာရေးအခြေနေကြောင့် ဆေးကုသရန် မြစ်ကြီးနားသို့သွားသော ခရီးသည်အများစုဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းတွင် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခအဖြစ် သုံးသောင်းငါးထောင်မှ လေးသောင်းငါးထောင်အတွင်းဖြစ်ကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား မြစ်ကြီးနာ – ပူတာအိုလမ်းပိုင်းတွင် စစ်ရေးတင်းမာနေပြီး နှစ်ဖက်စစ်အင်အား ဖြည့်တင်းနေကြောင်းသိရသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့က မြစ်ကြီးနား – ပူတာအိုကားလမ်းဘေးရှိ ဒရူခကျေးရွာတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Dureng

ပုံ – မြစ်ကြီးနား-ပူတာအိုခရီးစဉ်ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်နှစ်စီး။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ