ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာတွင် အရပ်သားပြည်သူကိုးယောက် သတ်ဖြတ်ခံရသည့် ရှစ်လပြည့် အောက်မေ့သတိရဆုတောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က နမ္မတီးမြို့၊ လမ်းခွကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူကိုးယောက်ကို သတ်ဖြတ်ခဲ့သည့်အမှု ရှစ်လကြာသည်အထိ အမှုမှန်ပေါ်ပေါက်လာခြင်း မရှိသေးသောကြောင့်ပတ်သက်ဆက်နွယ်သူအားလုံး အမြဲအောက်မေ့သတိရစေရန် ဝတ်ပြုအစီအစဉ် ကျင်းပရခြင်းဖြစ်ကြောင်း အရပ်ဘက် အမှုမှန်ပေါ်ပေါက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“သီးသန့်တရားခုံရုံးထုတ်ပြီးတော့ တရားစီရင်တာက စနေတာ မကြာသေးဘူး၊ တိုက်ပွဲဖြစ်လာတယ်။ ဒီတိုက်ပွဲက ဘယ်လောက်ကြာမယ်ဆိုတာ မသိနိုင်ဘူးဆိုတော့။ ဒီအမှုကို မေ့မသွားဖို့ KIA အရာရှိတွေရော၊ ပြည်သူတွေနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ အကုန်လုံး အောက်မေ့နေဖို့အတွက် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ စိတ်ခွန်အား မြင့်တင်ရေးပေါ့၊ စက်နှိုးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ပြည်သူကိုးယောက် သတ်ဖြတ်ခံရသည့် အမှုမှန်ပေါ်ပေါက်လာစေရန် အထူးတရားခုံရုံးတစ်ရပ် သတ်မှတ်ကာ စစ်ဆေးမေးမြန်းနေဆဲကာလတွင် ဇူလိုင်လ အစောပိုင်းက နမ်ဆန်ယာန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှု ရပ်နားခဲ့ရကြောင်း သိရသည်။

ရုပ်အလောင်းမြုပ်နှံထားသည့် နေရာသို့ မိသားစုဝင်များနှင့် အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်ဆုတောင်းခဲ့ပြီး ပြည်သူ ၄၀၀ ခန့်ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါက ပြည်သူလူထု၏ ယုံကြည်မှု အမြန်ဆုံးပြန်လည်ရရှိမည်ဖြစ်ကြောင်း အရပ်ဘက်အမှုမှန်ပေါ်ပေါက်ရေး ကော်မရှင်၏ အခြားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“KIA တွေ အခုချိန် တိုက်ပွဲ တိုက်နေတာလည်း နားလည်တယ်၊ ဒီကိုးယောက်ရဲ့ အမှုကလည်း တကယ်ကို တိုက်ပွဲဝင်ရမယ့် အရမ်းကြီးပြီး အရေးတယူဖြေရှင်းရမဲ့ ကိစ္စရပ်ကြီး ဖြစ်တယ်လို့ ခံယူစေချင်တယ်။ အများပြည်သူရှေ့မှာ အပြစ်ခံယူပြီး သမာသမတ်ကျကျနဲ့ တရားစီရင်မယ်ဆိုရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို အမြန်ဆုံး ပြန်ရမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အရပ်ဘက် အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်များကို အတူတကွ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အခြားအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်တွေ အလုပ်လုပ်နေတာက KIO/KIA ကို တိုက်ခိုက်ဖို့ မဟုတ်ဘူး။ တချို့ KIA အရာရှိတွေက သူတို့ကို တိုက်ခိုက်နေတယ်လို့ ခံယူနေတယ်၊ အဲ့ဒီလို မခံယူစေချင်ဘူး။ ဒီအမှု အောင်မြင်ချင်ရင် တော်လှန်ရေးအောင်ချင်ရင် ပြည်သူနဲ့ တစ်လှေတည်းစီးတွေ ဖြစ်ရမယ်။ လှဲကျရင်လည်း ပြည်သူတွေနဲ့ အတူလှဲမယ်၊ တစ်သားတည်း ဖြစ်ပြီး ရှေ့လျှောက်သွားချင်တယ်။ KIO/KIA တပ်ဖွဲ့ဝင်တွေမှာ ရှေ့လျှောက် ဒီလိုမျိုးမဖြစ်အောင်၊ ပြည်သူကို ချစ်တတ်တဲ့ ပြည်သူ့ဆန္ဒကို နားလည်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် ရည်ရွယ်ပြီး ကော်မရှင် ဖွဲ့ထားတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အရပ်သားပြည်သူ ကိုးယောက်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် KIA တပ်မဟာ (၂)၊ တပ်ရင်း (၂၀) နယ်မြေအတွင်း သတ်ဖြတ်ခံရပြီး တစ်လအကြာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် မိသားစုဝင်များနှင့် အရပ်ဘက် အမှုမှန်ပေါ်ပေါက်ရေး ကော်မရှင်များက သွားရောက်တူးဖော်ကာမြုပ်နှံခဲ့ကြောင်း သိရသည်။

အုပ်စုလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် မိုးကောင်းမြို့ပြပြောက်ကျားအဖွဲ့ (UG Black-K) အဖွဲ့ဝင်အချို့နှင့် KIA တပ်ဖွဲ့ဝင်များအပါအဝင် ၂၀ ဦးခန့်ကို KIA ဌာနချုပ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများမှာ ဗန်းမော်မြို့မှ အသက် (၅၄) နှစ်အရွယ် ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်အရွယ် ဦးလဇွမ်ထွယ်ရှောင်၊ အသက် (၅၀) နှစ်အရွယ် ဦးကြေး၊ အသက် (၂၇) နှစ်အရွယ် ဦးထွန်းယုံ၊ နမ္မတီးမြို့မှ အသက် (၄၇) နှစ်အရွယ် ဦးလောင်ဒေယောဟန်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ကျေးရွာက အသက် (၂၇) နှစ်အရွယ် ဒေါ်အင်ဒေါင်နန်လွမ်၊ အသက် (၂၈) နှစ်အရွယ် ဒေါ်ဖောင်မားခေါ်န်ဘူနှင့် အသက် (၄၉) နှစ်အရွယ် ဦးကျော်စိုးတို့ ဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများတွင် အမျိုးသမီးနှစ်ဦး ပါဝင်ပြီး ဒေါ်အင်ဒေါင်နန်လွမ်သည် သတ်ဖြတ်ခံရစဉ် ကိုယ်ဝန်လွယ်ထားကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ