ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတို့ကို KIAနှင့် KPDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ဆိုင်းတောင်ကျေးရွာရပ်ကွက် (၁) ရှိ ရဲစခန်းထဲသို့ လက်နက်ကြီးများစတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုင်းတောင်ရပ်ကွက်တွင်နေထိုင်သည့် အသက်(၂၅)နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးက ရဲစခန်းထဲမှာကိုကွဲတာ။ကျွန်တော်တိုနဲ့ နီးတော့ အိမ်ပါတုန်တယ်။ရဲစခန်းထဲကနေလည်း သေနတ်နဲ့ပြန်ပစ်တယ်။ အဲ့မှာ နှစ်ဖက်အပြန်အလှန် ပစ်တော့တာပဲ” ဟုသူကပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများနိုင်ကြောင်းဆိုင်းတောင်ကျေးရွာနေအသက် (၅၂) နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲက ကြာချိန်က (၁) နာရီကျော်ကျော်လောက်ပဲရှိမယ်။ ဒီကောင်တွေ ပိတ်ပြီးတိုက်ခံရတာ။ လက်နက်ကြီးထိလို့မသာပေါ် သွားတဲ့ကောင်တွေလည်း ရှိတယ်၊ အတွင်းသတင်းအရတော့ ရဲစခန်း နဲ့ (စရဖ)ရုံးနှစ်ခုလုံးကို (KIA)နဲ့(KPDF)တွေကသိမ်းနိုင်ခဲ့တယ်လို့သိရတယ် “ဟုသူကပြောသည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကျအရူံးကိုတော့ အတိအကျမသိရှိရသေးကြောင်းသူကဆက်ပြောသည်။

ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားထိပ်တွင်တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲဝင်များကိုကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နှင့် KPDF တို့မှ၂၀၂၃ခုနစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

သတင်း – Pe Ti

ပုံ – KIA တပ်ဖွဲ့ဝင်နှစ်ဦးကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ