ဖားကန်မြို့နယ် မှော်ဝမ်းရပ်ကွက်နှင့် နမ္မဖြစ်ကျေးရွာရှိ ပန်းတင်တံတားထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပြန်လည်တပ်စွဲထားကာ လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို ဥပဒေမဲ့ ငွေကြေးတောင်းခံမှုများပြုလုပ်နေကြောင်းသိရသည်။

အဆိုပါစစ်ကောင်စီဂိတ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က KIA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီနှစ်ဦးသေဆုံးပြီးနောက် ယနေ့ နံနက် ခြောက်နာရီအချိန်ခန့်မှစတင်ကာ အင်အား ၁၀ဦးခန့်ခန့်သာရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်နေရာယူထားကြောင်း မော်ဝမ်းကျေးရွာနေ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သုံးဘီးဆိုင်ကယ်နဲ့ ဆီပေပါတွေတင်သွားတာ ဂိတ်ရောက်တော့ ပေပါတစ်ပေပါကို (၅)ထောင်တောင်းတယ်။နောက်ကဆိုင်ကယ်တစ်စီး ကျောက်တင်လာတာကိုလည်း တစ်သောင်းမပေးရင် ကျောက်သိမ်းမယ်လို့ ခြိမ်းခြောက်ငွေတောင်းနေတာ တွေ့ရတယ်”ဟုပြောသည်။

အဆိုပါစစ်ကောင်စီဂိတ်အရောက်တွင် ကားဆရာများက စခန်းအတွင်းဝင်ရောက်ကာ ငွေသွားပေးရကြောင်း နမ္မဖြစ်ကျေးရွာနေ အသက်(၃၀)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ဂိတ်တော့ဖွင့်ပေးထားတယ်။ ဒါပေမဲ့ ဆီသယ်ကားတွေလာရင်တော့ ကားဆရာက သူတို့စခန်းထဲထိ ပိုက်ဆံသွားပေးရတာဟုတ်တယ်။ အဲ့ကောင်တွေ အောက်ကိုမဆင်းလာရဲဘူး။ တစ်ခါဖြတ်တစ်သောင်းလောက်ပေးရတယ်လို့ သိရတယ်”ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ရာ သုံးဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – Pe Ti

ပုံ –  ဥပဒေမဲ့ ငွေကြေးတောင်းခံမှုများပြုလုပ်နေသော ပန်းတင်တံတားထိပ်မှ စစ်ကောင်စီတပ်ကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ