ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား လာမည့်လများအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း CDM တပ်မတော်သားများက ပြောသည်။

စစ်ကောင်စီတပ်က KIO/KIA ဌာနချုပ်ဖြစ်သည့် လိုင်ဇာမြို့ကိုသိမ်းပိုက်မည်ဟု ကြွေးကြော်ထားသကဲ့သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာတွင် ဗိုလ်မှူးချုပ်စိုးလှိုင် အပြောင်းအလဲဖြစ်ပြီးနောက် စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာကြောင်း ဗန်းမော်မြို့နယ်မှ CDM ပြုလုပ်ခဲ့သည့် ဗိုလ်ကြီးထက်မြတ်က The 74 Media ကိုပြောသည်။

“လိုင်ဇာကို သိမ်းမယ်လို့ ကြွေးကြော်နေတာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ အဲ့ဒီလိုမျိုး ပြောပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ်တွေက ဘာမှမလုပ်နိုင်ဘဲနဲ့ KIA ကပဲ ပြန်လုပ်သွားတဲ့ ဖြစ်စဉ်တွေ ရှိတယ်ပေါ့နော်။ ပြီးတော့ အရင် မပခ တိုင်းမှူးဟောင်း ကိုကိုမောင် လက်ထက်မှာလည်း စစ်တပ်ဘက်က လုံလုံလောက်လောက် လုပ်နိုင်ခဲ့တာ မရှိဘူးပေါ့နော်။ အဲ့ဒီနောက်ပိုင်းမှာ မပခတိုင်းမှူး စိုးလှိုင်ပေါ့နော်၊ သူ့ကို ပြောင်းပြီးတော့မှ စစ်ဆင်ရေး ပိုပြီး လုပ်ဆောင်နိုင်ဖို့ ကြိုးစားလာတာရှိတယ်။ ပြောရရင် စိုးလှိုင်က ကချင်ပြည်နယ်အကြောင်းကို တော်တော်လေး နောကျေထားတဲ့သူမျိုးပေါ့နော်။ အဲ့ဒီလို သူမျိုးဖြစ်တဲ့အတွက် အရင်လူနဲ့ မတူတဲ့ ပုံစံမျိုးတွေ အင်အား ဖြည့်တင်းတာပဲ ဖြစ်ဖြစ်၊ စစ်ရေးဖော်ဆောင်တာပဲဖြစ်ဖြစ် ပိုပြီးတော့ လုပ်လာတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ယခုနှစ် ဇူလိုင်လဆန်းပိုင်းကစပြီး ဝိုင်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်(ခွဲ)၊ ဖားကန့်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသောကြောင့် စစ်ရှိန်မြင့်လာနိုင်ကြောင်း မြစ်ကြီးနားလေတပ်မှ CDM ပြုလုပ်ခဲ့သည့် တပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

“နဂိုကတည်းက ကချင်ဘက်က ငြိမ်းချမ်းရေးလက်မှတ်လည်း မထိုးထားဘူးဆိုတော့ အဲ့ဒီအငြှိုးတွေ ရှိတယ်။ အခုက NUG နဲ့အရမ်းနီးကပ်တာ ကချင်နဲ့နီးကပ်တယ်လို့ သူတို့မြင်လို့ စစ်ကိုင်းအထက်ပိုင်းကို KIA အဖွဲ့တွေကူညီတာ ပါတယ်ဆိုတော့ အဲဒီအပေါ်မှာသူတို့ဒါ KIA ကတကယ်အပေါ်ကနေ လက်နက်စီးဆင်းနေတယ်။ အဲဒီလိုမျိုးသူတို့ သုံးသပ်လို့နေမှာ၊ စစ်မီးက တဖြည်းဖြည်းချင်းတော့ မီးပိုပိုပြင်းလာတာပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည့် စစ်ကောင်စီတပ် အရာရှိပိုင်းများက သယံဇာတထွက်ရှိသည့် ဒေသများနှင့် ဝင်ငွေရသည့် လမ်းကြောင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးစားနေပြီး တိုက်ပွဲ ပြင်းထန်လာနိုင်ချေသည် KIA ၏ သဘောထားအပေါ်မူတည်နေကြောင်း ဗိုလ်ကြီး ထက်မြတ်က ဆက်ပြောသည်။

“ဒီလိုမျိုးသေချာပေါက် ဖြစ်လာ၊ မဖြစ်လာဆိုတာ KIA ဘက်ကလည်း ဆိုင်မယ်။ နောက်တစ်ခုကတော့ အဲ့ဘက်မှာက စစ်တပ်က အကြီးအကဲတွေ တော်တော်များများ စီးပွားရေးလုပ်ငန်းတွေ တရားမဝင် မှောင်ခိုလမ်းကြောင်းတွေနဲ့ ပတ်သက်လို့ သူတို့အတွက် ငွေရှာလို့ အရမ်းကောင်းတဲ့ နေရာဖြစ်တယ်။ သူတို့အတွက် အရမ်းအရေးကြီးတဲ့ နယ်မြေဖြစ်တဲ့အတွက် အဲ့ဒီလိုဟာမျိုးတွေကို သူတို့ ပြန်ထိန်းသိမ်းဖို့ ရေကြောင်းကနေပါ စစ်ကူပို့နေတာတွေ ရှိတယ်။ ဒီလိုမျိုးလုပ်ဆောင်လာတဲ့အခါမှာ KIA ဘက်က သဘောထား ဘယ်လိုရှိလဲပေါ့နော်။ ဒီလိုမျိုးဟာတွေ လုပ်ခွင့်ပေးမလား ဒါမှမဟုတ် လုံးဝ အရင်လိုမျိုး လုပ်ခွင့်မပေးတော့ဘဲနဲ့ ဒီတော်လှန်ရေးမှာ ပါဝင်ပြီးတော့ပဲ သူတို့ အစွမ်းကုန်ပြန်ပြီး တိုက်ခိုက်ကြမလားပေါ့” ဟု ပြောသည်။

ကချင်ပြည်နယ်၊ မြို့နယ်အချို့တွင် ဩဂုတ်လကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့က ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာအနီး စစ်ကောင်စီတပ်၏ ကသိုဏ်းတောင်စခန်းကို KIA တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့က မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ လွယ်လွမ်အောင်ဂျာတပ်စခန်း၊ စက်တင်ဘာလ ၂၀ ရက်နေ့က ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဒရူခကျေးရွာတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဩဂုတ်လ လဆန်ပိုင်းမှ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံး စာရင်းများကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း – Pan Soon

ပုံ – ပုံဟောင်းဖြစ်သည်

 

သင့်ထင်မြင်ချက်ရေးပေးပါ