စစ်ကောင်စီသင်္ဘောအုပ်စု ဗန်းမော်မြို့သို့ရောက်ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့အချို့ကို ဖမ်းဆီးကာ လမ်းသွားလမ်းလာ မော်တော်ယာဉ်များကို သိမ်းဆည်းနေကြောင်း သိရသည်။
ဧရာဝတီမြစ်အတိုင်း မန္တလေးမြို့မှဆန်တက်လာသော စစ်ကောင်စီသင်္ဘောခြောက်စီးပါ သင်္ဘောအုပ်စုသည် ဗန်းမော်မြို့သို့မရောက်မှီစက်တင်ဘာလ ၁၉ ရက်နေ့ ညမှစတင်ကာ လမ်းသွားလမ်းလာပြည်သူအချို့ကို ဖမ်းဆီးမှုများရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ညဆိုရင်ဖမ်းတယ်။ မြို့ထဲက ဆီဆိုင်တစ်ခုနားမှာ ညသန်းခေါင်မှာ ၁၀ ယောက်ပါသွားတယ်လို့ပြောတယ်။ ရဲလက်မအပ်ဘူး။ စစ်သားတွေက သူတို့နည်းသူတို့ဟန်နဲ့စီစဉ်သွားတာ။ ဒီမှာလည်း ရွှေ့ပြောင်းလုပ်သားတွေများတော့ ရပ်ကွက်ကြီးကမှမဟုတ်ရင် ဘယ်သူမှန်းမသိရဘူး” ဟုဆိုသည်။

ဖမ်းဆီးခံရသူများသည် မည်သူမည်ဝါဖြစ်ကြောင်းကို The 74 Media က မသိရှိရသေးပါ။

ထို့အပြင် ဗန်းမော် – မန္တလေးလမ်းမကြီးပေါ်ရှိ ဒေသအခေါ် (၃)မိုင်- ဟန်းတဲလမ်းဆုံတွင်လည်း ယမန်နေ့ ညနေပိုင်းက ကား၊ ဆိုင်ကယ်နှင့် သုံးဘီး စုစုပေါင်းအစီးရေ ၃၀ ခန့်ကိုသိမ်းဆည်းခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ကုန်ကားမောင်းနှင်သူအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘာမှမမေးတော့ဘူး။ ဆိုင်ကယ်တူးဘောက်ဖွင့်တယ် ပြီးရင်ဖယ်တော့။ ကာယကံရှင်က ပြောရင် တစ်နေရာသွားပြော။ အဲဒီနားတင်ကို တော်တော်ရသွားတယ်။ အစီးရေများလို့ အရပ်သားတွေနဲ့တောင်ခေါ်ပြီးတော့ တင်ခိုင်းသေးတယ်” ဟုဆိုသည်။

ဗန်းမော်မြို့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်ကောင်စီသင်္ဘောများမှ ကုန်ပစ္စည်းများကို သယ်ယူနေပြီး ဆိပ်ကမ်းအဝင်လမ်းများကိုလည်း ပိတ်ထားကာ ကား၊ ဆိုင်ကယ်ဖြတ်သန်းသွားလာခွင့် မပြုကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ကမ်းနားလမ်းတွေပိတ်တာ။ ဝါးတွေနဲ့တားထားတာပဲ။ လမ်းလျှောက်ကတော့ သွားနေကြတာပဲ။ ပစ္စည်းကတော့ လောလောဆယ် လေးမိုင်ကထောက်ပို့မှာ သွားထားတယ်ထင်တယ်။ အဲဒီလမ်းကြောင်းတွေအကုန်ပိတ်တာပဲ” ဟုဆိုသည်။

ပြည်သူများ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းခြင်းနှင့်ပတ်သက်ပြီး ဗန်းမော်မြို့မ ရဲစခန်းမှူးနှင့် ယာဉ်ထိန်းရဲအုပ်တို့ကို The 74 Media က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပါ။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လက စစ်ကောင်စီသင်္ဘော ၉ စီးပါ ရေယာဉ်အုပ်စု ဗန်းမော်သို့ရောက်ရှိခဲ့ပြီးနောက် မြို့အတွင်း ယာဉ်လိုင်စင်အကြောင်းပြကာ ပြည်သူများ၏ ဆိုင်ကယ်နှင့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး လမ်းများကိုလည်းပိတ်ထားခဲ့သည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ စက်တင်ဘာ ၁၀ ရက်နေ့က စတင်ထွက်ခွာလာသော ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် စစ်ကောင်စီ သင်္ဘောခြောက်စီးသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်ခံခဲ့ရပြီးနောက် စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက ဗန်းမော်မြို့သို့ရောက်ရှိခဲ့သည်။

သတင်း – Thu Ta
ဓာတ်ပုံ – စစ်ကောင်စီစစ်သင်္ဘောအုပ်စုကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ