တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပှုးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် လေးနာရီခန့်အချိန်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းစစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက်အစောပိုင်း ၁၂ နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ပြီးနောက် လေးနာရီခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တန့်ဆည်မြို့ပေါ်က စခန်းကို ဝင်သိမ်းတာဗျို့၊ စခန်းသိမ်းနိုင်ခဲ့တယ်။ စစဆုံးကတော့လက်နက်ကြီးနဲ့ပစ်တာရယ် အဓိကကတော့ ကလလ(လောင်ချာ)တွေနဲ့ဘာတွေနဲ့သုံးတာများတယ်လေ။ ကလလအလုံး ၁၂၀ ကျော်သုံးသွားတာ တော်တော်ကို ရှယ်လုပ်လိုက်တာလေ” ဟုပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ငါးကြင်းမြီးစက်သေနတ်ငါးလက်နှင့် အခြားလက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်းသိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံးသွားကြောင်း တန့်ဆည်မြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦး ကပြောသည်။

“သူတို့(စစ်ကောင်စီ)ဘက်ကတော့ ၂၀ ယောက်လောက်ကတော့ အတည်ပြုလို့ရတယ်ဗျာ။ မြို့ပေါ်မှာမြင်တဲ့သူတွေကအကုန်ပြောတယ်၊ ညကဖြစ်ခဲ့တာအကုန်တွေ့တယ်လေ။ သေနေတာတွေ တွေ့ခဲ့တယ်လေ။ ကျွန်တော်တို့အဖွဲ့က တစ်ယောက်တော့ ထိပြီး ဆယ်မိနစ်လောက်မှာပဲကျသွားတယ်” ဟုပြောသည်။

ကျဆုံးသွားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှာ ရွှေဘိုခရိုင် တပ်ရင်း – ၆ မှ အသက် ၂၀ ခန့်အရွယ်ရှိသူဖြစ်ကြောင်းသိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေး၏ဦးဆောင်မှုဖြင့် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးသွားကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ