မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီခန့်က ကြိုးဆွဲချသေဆုံးနေသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြင်ပဒဏ်ရာရရှိထားခြင်းမရှိဘဲ နေအိမ်တဲအတွင်းရှိ ဝါးဖြင့်ပြုလုပ်ထားသောတန်းတွင် ကြိုးဖြင့်ဆွဲကာ သေဆုံးနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီးနား) မှ အသင်းဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လိုဖြစ်တယ်ဆိုတာ အသေးစိတ်က မသိရဘူး။ ကျွန်တော်တို့ကိုလည်း ပ.လ.န ရဲစခန်းက အကြောင်းကြားလာလို့ သွားကူညီလိုက်တာဟုတ်တယ်။ ဖြစ်တဲ့နေရာက အလုပ်သမားတွေငှားနေတဲ့ ရိုးရိုးဝါးအိမ်ပုံစံပဲ” ဟုပြောသည်။

သေဆုံးနေသူမှာ အသက် ၃၄ နှစ်ခန့်အရွယ်ရှိ ဦးပိုင်သူဆိုသူဖြစ်ပြီး အရက်အလွန်အကျွံသောက်သုံးသူဟုသိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဝါးနဲ့ဆောက်ထားတဲ့အိမ်မှာဖြစ်တာ။ ပတ်ဝန်းကျင်တွေပြောတာက အရက် အရမ်းသောက်တဲ့သူ ဟုတ်တယ်တဲ့။ တခြားပြဿနာရှိသူတော့မဟုတ်ဘူး” ဟုပြောသည်။

ဦးပိုင်သူ၏ ရုပ်အလောင်းကို လက်ရှိ မြစ်ကြီးနား‌ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၂၆ နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သည့် ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြစ်ကြီးနား)

သင့်ထင်မြင်ချက်ရေးပေးပါ