လီဒီုလမ်းမကြီးဖြစ်သည့် တနိုင်း-မြစ်ကြီးနား ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ဂိတ်များမှ ဥပဒေမဲ့ငွေကြေးကောက်ခံနေမှုကြောင့် ခရီးသည်တင်ကားနှင့် ကုန်ကားမောင်းနှင်သူများ အခက်ကြုံနေကြောင်း သိရသည်။
လမ်းတစ်လျှောက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များ၏ လုံခြုံရေးဂိတ် ၇ ဂိတ်ထက်မနည်းရှိပြီး ဥပဒေမဲ့ငွေကြေးကောက်ခံနေမှုကြောင့် အခက်ကြုံနေရသည်ဟု ခရီးသည်တင်ကားမောင်းနှင်သည့်ကားသမား တစ်ဦးက The 74 Media ကိုပြောသည်။

“ခရီးသည်ကြီးပဲ ဘာမှမပါဘူးဆိုရင်တောင် ခြောက်သောင်း၊ ခုနစ်သောင်းလောက်တော့ကုန်တယ်။ မိုးတွင်းမှာတော့ မကိုက်ဘူးပေါ့ဗျာ ဒီလိုပုံစံနဲ့ဆိုလို့ရှိရင်တော့” ဟုဆိုသည်။

အခြား ကုန်ကားနှင့် စက်သုံးဆီတင်ဆောင်သည့်ကားများမှာ တင်ဆောင်လာသည့် ပစ္စည်းအမျိုးအစားနှင့်ပမာဏအလိုက် ကျပ်ဆယ်သိန်းမှ သိန်းရာချီအထိ ပေးဆောင်ရသည်ဟု ကားသမားများထံမှသိရသည်။

တနိုင်းလီဒိုလမ်းမတစ်လျှောက် စစ်ကောင်စီဂိတ်များတွင် စက်သုံးဆီတစ်ပေပါလျှင် ကျပ် တစ်သောင်းမှ သုံးသောင်းကျော်အထိ ကောက်ခံကြောင်း ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“ကျနော်တို့ လော်လီ(ကုန်ကား)သမားတွေဆိုတော့ လမ်းကြေးကြီးပဲ ရာကျော်တယ်ဗျ။ သိန်း ၁၂၀ လောက်တော့ရှိမှာပေါ့။ ဒါတောင် ကားကြီးကွင်းထဲဝင်ပြီး ပစ္စည်းချပြီး လာတောင်းတာမပါသေးဘူး” ဟုဆိုသည်။

နမ္မတီးမြို့အဝင် ၂၁ မိုင်ဂိတ်၊ နမ္မတီး – လဝါးလမ်းရှိ မရန်ကထောင်ဂိတ်၊ ရှဒူးဇွပ်ကျေးရွာရှိ ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်နှင့် တနိုင်းမြို့အဝင်ရှိ စစ်ကောင်စီစုပေါင်းဂိတ်တို့မှာ ငွေတောင်းခံမှုများသည့် ဂိတ်များဖြစ်ပြီး ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်သည် ငွေပမာဏ အများဆုံး တောင်းခံကြောင်း အခြားကုန်ကားမောင်းနှင်တစ်ဦးက ပြောသည်။

“အဆိုးဆုံးကတော့ ပြည်သူ့စစ်ဂိတ်ပေါ့ဗျာ။ ဒီကောင်တွေက တစ်ပေပါကို ငါးသောင်း လုံးဝမလျှော့ဘူး” ဟုဆိုသည်။

စစ်ကောင်စီက တနိုင်းမြို့သို့ ဆီဘောက်ဆာကားများဖြင့် စက်သုံးဆီတင်သွင်းခွင့် ပိတ်ပင်ထားပြီး ဆန်နှင့် ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့်ပစ္စည်းများကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှစပြီး သယ်ဆောင်ခွင့်မပြုကြောင်းသိရသည်။

ထိုသို့ပိတ်ပင်ထားသော်လည်း ဂိတ်ကြေးအဆမတန်တောင်းခံကာ သယ်ဆောင်ခွင့်ပြုပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာပေါင်းစုံကလည်း ကုန်ပစ္စည်းချသည့်နေရာထိ နည်းလမ်းမျိုးစုံဖြင့်လာရောက် တောင်းခံကြောင်း ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောသည်။

“တောင်းတာကတော့ နည်းအမျိုးမျိုးနဲ့ တောင်းတာ။ အဲဒီထဲမှာ စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဌာန)၊ နယ်ထိန်းတို့၊ မော်တော်ပီကေ(ယာဉ်ထိန်းရဲ)တို့၊ မီးသတ်တို့အစုံပေါ့။ အိမ်စီးကားလေးတွေနဲ့ ဗျောက်သောက်ကိုလာတာ။ အတောင်းကြမ်းတဲ့ကောင်တွေကျတော့လည်း ဆီချတဲ့နေရာအထိ ချောင်းပြီးလိုက်တောင်းတာပေါ့” ဟုရှင်းပြသည်။

စက်သုံးဆီတင်ဆောင်သည့် ကုန်ကားများမှာ အာဏာသိမ်းစအချိန်က ငွေကျပ်သိန်း ၃၀ ခန့် လမ်းကြေးပေးဆောင်ရပြီး ပြီးခဲ့သည့် မေလမှစတင်ကာ ဂိတ်ကြေးအဆမတန်တောင်းခံလာသည့်အတွက် မြစ်ကြီးနားမှ တနိုင်းမြို့အထိ သိန်း ၁၂၀ ကျော်ထိပေးဆောင်ရကြောင်း ကုန်တင်ကား မောင်းနှင်သူများထံမှ သိရသည်။

သတင်း – Thu Ta
ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ