မြစ်ကြီးနားတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ခနှင့် အခြားငွေကြေးများ သိန်းဂဏန်းအထိကုန်ကျနေသောကြောင့် အခက်ကြုံနေကြောင်း သိရသည်။

ကျူရှင်မသင်ကြားရန် ပြောဆိုမှုများရှိသော်လည်း ကျူရှင်အစား အချိန်ပိုကြေးဟုဆိုကာ ကောက်ခံနေကြောင်း အသက် (၂၃)နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောင်းအပ်တုန်းကလည်းအများကြီးကောက်ပြီး ကျောင်းပြန်တက်တော့လည်း ကျူရှင်က မသင်ခိုင်းဘူးလို့ပြောပေမဲ့ အချိန်ပိုခဆိုပြီးလည်းကောက်။ စာအုပ်ဖိုး ဘာဖိုးညာဖိုးဆိုပြီးပြန်ကောက်တာလေ။ အရင်ကဆို ကျောင်းအပ်ခမှာ လက်တွေ့စာအုပ်ဖိုးမပါပေမဲ့ ပုံနှိပ်စာအုပ်ဖိုးကပါပြီးသားလေ” ဟု သူကပြောသည်။

ယခုနှစ် အဝေးသင် ကျောင်းအပ်ခသည် ရှစ်သောင်းကျပ်မှ တစ်သိန်းကျော်၊ လက်တွေ့စာအုပ်ကြေးများကို ငါးသောင်းကျပ်မှ တစ်သိန်းဝန်းကျင်ထိ ထပ်မံကောက်ခံမှုရှိနေပြီး အခြားသော ဆရာကန်တော့ကြေးနှင့် အချိန်ပိုကြေးများကိုလည်း အဆမတန်ကောက်ခံနေကြောင်း အမည်မဖော်လိုသော အဝေးသင်ကျောင်းသားတစ်ဦးက ဆက်ပြောသည်။

“အချိန်ပိုခဆိုပြီး ကောက်တာ ကျူရှင်ပုံစံလိုလိုဟုတ်ပေမဲ့ ကျူရှင်ဆိုတာက မတက်ချင်တဲ့သူတွေနဲ့မတက်နိုင်တဲ့သူတွေက မတက်တာလေ။ ခုကအကုန်လုံးမတတ်မနေရ မတက်လည်းပေးရမယ်။ အကုန်လုံးပေးရမယ်ဆိုတော့ ဘာမှန်းမသိတော့ဘူး။ စာအုပ်ဖိုးလည်းအများကြီးပြန်ကောက်ပြီးစာအုပ်လည်း အကုန်မရဘူးလေ။ လက်တွေ့စာအုပ်ကလဲ မိတ္တူကူးထားတဲ့စာရွက်ပဲပေးတာ” ဟုပြောသည်။

ထိုသို့ ကောက်ခံနေခြင်းကြောင့် ရပ်ဝေးမှလာရောက်ကာ ပညာသင်ကြားနေရသော ကျောင်းသူ/ကျောင်းသားများသည် လက်ရှိကုန်ဈေးနှုန်းကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း အဆောင်နေ ကျောင်းသူတစ်ဦးကဆိုသည်။

“ကျွန်မတို့က သူများတွေလို အဆင်ပြေတာလည်းမဟုတ်ဘူး။ အလုပ်လုပ်ရင်း အဝေးသင်တက်တာလေ။ တွက်ချက်ပြီးလာနေတာဆိုတော့ ဒီရောက်တော့အရင်ကထက် နှစ်ဆမကမြင့်တက်နေတော့။ အဆောင်ခနဲ့စားဖို့ကလဲရှိသေးတယ်လေ” ဟု ပြောသည်။

အဝေးသင်၏ ပထမသုတ်ဖြစ်သော ဓါတုဗေဒဘာသာရပ် ဆရာ/ဆရာမများက အချိန်ပိုကြေးအား လူမစုံမချင်း နှစ်ပတ်တိတိ လာရောက်သင်ကြားပေးခြင်းမရှိခဲ့ကြောင်း အဆိုပါဘာသာရပ်မှကျောင်းသားများကဆိုသည်။

The 74 Media ၏ စုံစမ်းချက်အရ အဝေးသင်တက်ရောက်သည့် ၄၅ ရက်အတွင်း ကျောင်းစရိတ်အတွက် နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ ငွေကြေးကုန်ကျနေကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်အဝေးသင်အား နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း စုစုပေါင်း သုံးသုတ်ခွဲကာ သင်ကြားပေးနေကြောင်း သိရသည်။

သတင်း – Zami

ပုံ – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ