မုန့်သွားဝယ်စားမည်ဟုဆိုကာ ပျောက်ဆုံးနေသည့် မြစ်ကြီးနားမြို့၊ ပလနကျေးရွာမှ ရှစ်တန်းကျောင်းသူကို တွေ့ရှိထားသည်ဟုဆိုကာ ယမန်နေ့က စစ်ကောင်စီတပ်ကြပ်ကြီးဆိုသူက မိသားစုဝင်များထံမှ ငွေကြေးလိမ်လည်ခဲ့ကြောင်း သိရသည်။

တပ်ကြပ်ကြီးစိုးနိုင်ဆိုသူက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့တွင် ပျောက်ဆုံးနေသူကို တွေ့ရှိထားသည်ဟုဆိုကာ Wave money မှတစ်ဆင့် ငွေကျပ် သုံးသိန်းခွဲလွှဲခိုင်းခဲ့ကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက The 74 Media ကို ပြောသည်။

“အစက ကွတ်ခိုင်ဂိတ်က တပ်ကြပ်ကြီးပါ၊ ကောင်ဒူဆိုင်းပန်နဲ့ ဘာတော်လဲဆိုပြီး ဖုန်းဆက်လာတယ်။ သူ့ကို (ပျောက်ဆုံးနေသူ) လူကုန်ကူးတဲ့ အမျိုးသမီးတစ်ယောက်က ခေါ်လာတာကို တွေ့လို့ ဖမ်းထားတာ၊ မှတ်ပုံတင် စစ်ကြည့်တော့ အသက်မပြည့်သေးလို့ သူခေါ်ထားတယ်၊ အုပ်ချုပ်ရေးမှူးကိုလည်း ဖုန်းဆက်ခဲ့ခိုင်းပါဆိုပြီး ပြောတာ။ ပြီးရင် ဒီနေ့ မြစ်ကြီးနားဘက်တက်မဲ့ ကားရှိတယ်၊ ကလေးကို ချက်ချင်း ပြန်ပို့ရမယ်၊ လမ်းစရိတ်နဲ့ ဦးစီးမှူးကို လက်ဆောင်ပေးဖို့ ပိုက်ဆံလွှဲလိုက်ဆိုပြီး လွှဲလိုက်တဲ့နောက် ဖုန်းက ဆက်လို့ မရတော့ဘူး” ဟု ပြောသည်။

ပျောက်ဆုံးနေသူနှင့် စက်တင်ဘာ ၁၈ ရက်နေ့က ဖုန်းအဆက်အသွယ် ရရှိခဲ့ပြီး မူဆယ်မြို့တွင် ရောက်ရှိနေသည်ဟု ဖြေကြားခဲ့ကြောင်း အဒေါ်ဖြစ်သူက ပြောသည်။

“မိသားစုဝင်တွေရဲ့ ဖုန်းတော့ မကိုင်ဘူး၊ ဖုန်းသူစိမ်းနဲ့ ဆက်တာ ခဏလေး စကားပြောလိုက်ရတယ်။ သမီးဘယ်မှာလဲလို့မေးတော့ မူဆယ်မှာတဲ့၊ တစ်ယောက်တည်းလားဆိုတော့ ဟုတ်တယ်လို့ပြောတာ၊ အသံက တစ်မျိုးကြီးပဲ၊ သူ့ကို ဟိုယောကျာ်းက ဘယ်လို ခြိမ်းခြောက်ထားလဲ မသိဘူး။ ပြီးရင် ဖုန်းတစ်ခါတည်း ပြန်ချလိုက်တာ၊ ဆက်လို့ မရတော့ဘူး။ အဲ့ဒါနဲ့ တပ်ကြပ်ကြီးဆိုတဲ့သူ ပြန်ဆက်လာတော့ မူဆယ်ဖက်မှာဆိုတော့ ဟုတ်မှာပါဆိုပြီး မရှိတဲ့ကြားထဲကနေ ပိုက်ဆံချေးပြီး လွှဲလိုက်တာ” ဟု ပြောသည်။

ငွေလိမ်ခဲ့သော မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့မှ တပ်ကြပ်ကြီး စိုးနိုင်ဆိုသူသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မှတ်ပုံတင်အမှတ် ၉/ မထလ (နိုင်) ၀၂၂၄၆၄၊ ဖုန်းနံပါတ် ၀၉၇၇၇၄၈၁၁၄၀ ကို ငွေလွှဲရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် အသက် ၁၅ နှစ်အရွယ် ကောင်ဒူဆိုင်းပန်သည် စက်တင်ဘာ ၁၄ ရက်နေ့က မုန့်သွားဝယ်မည်ဟုဆိုကာ အမျိုးသားတစ်ဦးက ခေါ်ဆောင်သွားရာမှ ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးနေသူအား တွေ့ရှိပါက ဖုန်းနံပါတ် ၀၀၉၄၅၉၄၅၉၀၆၂၊ ၀၉၄၅၆၃၀၆၁၈၂ သို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း မိသားစုဝင်များက ဆိုသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပျောက်ဆုံးနေသည့် ရှစ်တန်းကျောင်းသူ ကောင်ဒူဆိုင်းပန်။

 

သင့်ထင်မြင်ချက်ရေးပေးပါ