ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် ကားဖြင့်ဆေးခန်းလာပြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ညနေ ငါးနာရီခွဲအချိန်ခန့်က KIA – KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိကြောင်းသိရသည်။

ဆိပ်မူကျေးရွာရပ်ကွက်(၂)ရှိ အလင်းတန်းကုန်စုံဆိုင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာသည့်(IPSUM)ကားကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KPDF တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးခန်းတောင် ဝင်မပြရသေးဘူးထင်တယ်။ သတင်းပေးလည်း အတိအကျဆိုတော့လေ။ ဒီကောင်တွေ ကားထဲရှိနေတုန်းပစ်ခံရတာ ပြန်ပစ်ချိန်တောင် မရလိုက်ဘူးလို့ပြောတယ်”ဟုပြောသည်။

ပစ်ခတ်ခံရပြီးနောက် အခင်းဖြစ်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဆိပ်မူကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သေနတ်သံတွေ ဆက်တိုက်ကြားရတာ။ ထွက်ကြည့်လိုက်တော့ ကားတစ်စီးလုံးအပစ်ခံထားရပြီ။ စစ်ကောင်စီက သူတို့ လူထိလိုချက်ချင်းလာခဲ့တာ။ ခုလည်အကုန်ပတ်စစ်နေပြီ။ မရှီကထောင်ဘက်မှာလည်း တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်စစ်နေတယ်လိုသိရတယ်” ဟုသူကပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း The 74 Meida ကသိရပြီး အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်တပ်ဖွဲ့ဝင်များကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

သတင်း – SK

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ