ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ဒရူခကျေးရွာတံတားရှိ စစ်ကောင်စီတပ်စခန်းအား သွားရောက်တိုက်ခိုက်ခဲ့သည့်စခန်းသိမ်းတိုက်ပွဲတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်တစ်ဦးနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က ငါးနာရီခန့်ကြာဖြစ်ပွားခဲ့သော စခန်းသိမ်းတိုက်ပွဲတွင် အသက် ၃၀ ကျော်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“KPF တစ်ယောက်ကတော့ အာဏာသိမ်းပြီးနောက် CDM ဝန်ထမ်းဟုတ်တယ်၊ မိုင်းနင်းလို့ ခြေထောက်ပြတ်ပြီး သွေးထွက်လွန်ပြီး ကျသွားတာ။ KIA ကတစ်ယောက်တော့ တိုက်ပွဲအတွင်းမှာ ကျည်ဆန်ထိပြီး ကျသွားတာဟုတ်တယ်” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်တပ်ဖွဲ့ဝင် ၁၀ သေဆုံးကာ နှစ်ဦးအရှင်ဖမ်းပြီး ၆၀ မမ စိန်ပြောင်းရှည်တစ်လက်၊ ငါးကြင်းမြီးတစ်လက်၊ G3 တစ်လက်၊ M 23 လေးလက်နှင့် ကျည်ဆန်များ၊ RPG ဗုံးသီး၊ ၆၀ မမကျည်နှင့် ၇.၅ ကျည်တို့ကို သိမ်းဆည်းရမိကြောင်း အခြား ရှေ့တန်း KIA တပ်ဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

မြစ်ကြီးနား-ပူတာအိုလမ်းမပေါ်ရှိ KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်ကောင်စီတပ်စခန်းသည် ခြေလျင်တပ်ရင်း (ခလရ – ၅၈) တပ်မှ တပ်ဖွဲ့ဝင်များအခြေချသော တပ်စခန်းဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတိုက်လေယာဉ်များ လာရောက်ခဲ့သော်လည်း မိုးရွာသွန်းနေသောကြောင့် ဗုံးကြဲတိုက်ခိုက်ခြင်း မပြုလုပ်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှသိရသည်။

အဆိုပါတိုက်ပွဲကို KIA တပ်မဟာ -၁ တပ်ရင်း ၁၀ ၊ တပ်ရင်း ၂၂ နှင့် ခါကာဘိုရာဇီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – May ၊ HN

ပုံ – ကျဆုံးသွားသော KIA တပ်ဖွဲ့ဝင်နှင့် KPF တပ်ဖွဲ့ဝင်တို့ကိုတွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ