စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သတ်ဖြတ်ခဲ့သော မသန်စွမ်းအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရွှေကူမြို့၊ ဆင်တပ်ကျေးရွာရှိ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ယနေ့ နေ့လယ်ပိုင်းကတွေ့ရှိခဲ့ကြောင်းသိရသည်။

နေအိမ်တွင် PDF ဝတ်စုံတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် မြစ်ထဲသို့ မျှောချခဲ့ခြင်းဖြစ်သည်ဟု ရုပ်အလောင်းဆယ်ယူ သင်္ဂြိုလ်ပေးခဲ့သည့် အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“မိတဲ့အချိန်ကတည်းက သူတို့(စစ်ကောင်စီက)လက်ပြန်ကြိုးတုပ်ပြီးရိုက်သွားတယ်တဲ့။ ပြီးတော့ ဓားတွေနဲ့ထိုးမွှေတယ်တဲ့။ အဲဒါပြီးတော့ ရေလဲ(ရွာ)က အိမ်တွေပေါ်မီးရှို့သွားတာ။ အဲ့ဒါမလောင်လို့ မိုးကာနဲ့ပတ်တဲ့ပြီးတော့ မျှောခဲ့တာ။ အဲဒါကမ်းတင်နေလို့ ကျနော်တို့သွားသင်္ဂြိုလ်ခဲ့တာ” ဟုဆိုသည်။

သတ်ဖြတ်ခံရသည့်အမျိုးသားမှာ ရေလဲကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ အရွယ် ကိုစောဆိုသူဖြစ်ပြီး ရွှေကျင်းတစ်ခုတွင်အလုပ်လုပ်ကိုင်စဉ် မတော်တဆဖြစ်ပြီးနောက် မသန်စွမ်းဖြစ်နေသူဖြစ်ကြောင်းသိရသည်။

အဆိုပါရုပ်အလောင်းကို ဆင်တပ်ကျေးရွာနှင့် ပဒုမ္မာကျွန်းကြားတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အခြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရေလဲမှာက ရွာသွားတွေကိုလည်း အဝင်မခံသေးဘူး။ ဆင်တပ်ရွာကို ကျမသွားလိုက်တော့ အလောင်းတစ်လောင်းမျှောခဲ့တာ။ အဲဒါရွာလူကြီးတွေဘာတွေခေါ်ပြီးဆယ်လိုက်တော့ အဲဒီလိုပုံစံကြီးတွေ့တာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော စစ်သင်္ဘောများမှာ ယနေ့ ညနေပိုင်းက ဗန်းမော်မြို့၊ ကောင်းတုံကျေးရွာအနီးသို့ရောက်ရှိခဲ့ပြီး ဗန်းမော်ဆိပ်ကမ်းသို့ ယနေ့ညပိုင်းတွင် ရောက်ရှိနိုင်သည်ဟု ဒေသခံများကဆိုသည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ကောင်စီသင်္ဘော ၆ စီးသည် ရွှေကူမြို့သို့ စက်တင်ဘာ ၁၇ ရက်နေ့က ရောက်ရှိခဲ့ပြီးနောက် ရွှေကူမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဒေသခံများ၏ နေအိမ်နှင့် ရွှေဖောင်များကို သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

 

သတင်း – သုတ

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ