ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဒရူခကျေးရွာတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမဘေးရှိ ဒရူခတံတားတွင် တပ်စွဲထားသော အင်အား သုံးဆယ်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၇ နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“2 IC စစ်ကြောင်း(နှစ်) ထိုင်တာဆိုတော့ လူအင်အားလည်းများတယ်။ လူအင်အားလည်း အရမ်းကောင်းတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရော ငါးနာရီလောက်တိုက်လိုက်ရတယ်။ လက်နက်ကြီးလည်း အများကြီးသိမ်းလိုက်တယ်။ သူတို့(စစ်ကောင်စီ) အထိခိုက်တော့ တော်တော်များတယ်”ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သူကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးကဆက်ပြောသည်။

“အရှင်တစ်ယောက်ဖမ်းမိတယ်။ လေယာဉ်နှစ်စီးတော့ လာတယ် ရာသီဥတုမကောင်းလို့ မိုးအရမ်းရွာနေလို့ ဗုံးမကြဲခဲ့ဘူး”ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကြောင်း ကနဦးသိရပြီး အတည်ပြုနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးပတ်ဝန်းကျင်၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်းတစ်လျှောက်နှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

သတင်း – HN၊ Dureng

ပုံ – KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ