မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေသောကြောင့် မီးပြတ်သည့်ဒဏ်ခံရသည့် ဒေသခံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြေရှင်းနေရကြောင်းသိရသည်။

လျှပ်စစ်မီး ပြတ်တောက်နေသောကြောင့် ထင်းဖြင့်ထမင်းဟင်းချက်စားနေရပြီး Power Bank နှင့် လျှပ်စစ်မီးအိမ်များဝယ်ယူကာ ဖြေရှင်းနေရသည်ဟု ဒေသဖွံ့ဖြူးရေးလုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပြီးခဲ့တဲ့ လတွေတော့ အဲ့လောက်မဆိုးဘူး။ အခုရက်ပိုင်းတွေမှာပဲ တော်တော်ဆိုးနေတာ၊ မီးခဏခဏပြတ်တော့ ဖုန်းကလည်းအားမရှိ၊ laptop ကလည်းအားမရှိ၊ အလုပ်ကလည်း work from home ဆိုတော့ အလုပ်အဆင်မပြေဘူး” ဟုပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေသောကြောင့် မြစ်ကြီးနားမြို့ခံ ပြည်သူများ၏ ညည်းညူသံများကို ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသည်။

လျှပ်စစ်မီး မကြာခဏပြတ်တောက်သောကြောင့် စားသောက်ဆိုင်လုပ်ငန်းများတွင်လည်း အခက်အခဲအမျိုးမျိုးရှိနေပြီး မီးစက်ကိုသာအဓိကအားထားနေရသည့်အတွက် ငွေကုန်ကြေးကျ များနေကြောင်း ကျွန်းပင်သာရပ်ကွက်တွင် စားသောက်ဆိုင်ဖွင့်ထားသူ အမျိုးသမီးတစ်ဦးကပြောသည်။

“ရေခဲသေတ္တာတွေ မီးမလာလို့ ပစ္စည်းတွေက အကုန်လုံးထားလို့မရ ပျက်ကုန်တယ်။ အသားတွေဘာတွေ အကုန်ပုပ်သွားတာတွေရှိတာပေါ့၊ ချက်ပြုတ်ရေးပိုင်းကတော့ မီးသွေးနဲ့ ဂက်စ်မီးဖိုပဲသုံးတယ်။ အခုလို မီးမလာတော့ မီးစက်နိုးထားတာပေါ့နော်။ အခုဆီကဈေးကြီးတာနဲ့ အခုလုံးမီးပြတ်တာက အစ်မတို့အတွက် လုံးဝအဆင်မပြေဘူး” ဟုပြောသည်။

ဘူးဂါးလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ မြစ်ကြီးနားမြို့အတွင်း ဖြန့်ဖြူးပေးနိုင်သော လျှပ်စစ်ဓာတ်အား ပမာဏမှာ ၁၈ မဂ္ဂါဝပ်ခန့်သာရှိပြီး လက်ရှိ အသုံးပြုနေသော ဓာတ်အားပမာဏသည် မဂ္ဂါဝပ် ၄၀ ခန့်ရှိကြောင်း ဘူးဂါးလျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုချိန်ဖြစ်နေတဲ့ အဓိကပြဿနာက မီးသုံးတဲ့ပမာဏက ကျွန်တော်တို့ ဖြန့်ဖြူးပေးနိုင်တဲ့ ပမာဏထက်ပိုပြီးတော့မှ များနေလို့ဖြစ်တယ်၊ အဲ့လိုဖြစ်တော့ ထရန်စဖော်မာနဲ့ မီးကြိုးတွေ လောင်သွားတာတွေရှိတယ်၊ မီးပြတ်တာက သဘာဝဘေးအန္တရာယ်ကြောင့်လည်းပြတ်တယ်၊ ဖြန့်ဖြူးပေးလို့ရတဲ့ ပမဏကို အတက်နိုင်ဆုံး အလှည့်ကျပေးနိုင်အောင်ကြိုးစားနေတယ်၊ အဲ့လိုအလှည့်ကျပေးတဲ့စနစ်ရဲ့ ဆိုးကျိုးတစ်ခုကတော့ ပြည်သူတွေကမီးလာတဲ့ချိန် တစ်ပြိုင်တည်း စုပြုံပြီးသုံးတဲ့အခါကျတော့ မဂ္ဂါဝပ်တွေပြုတ်သွားတာ ကြိုးတွေပျက်ကျသွားတာတွေဖြစ်နေတာ” ဟုပြောသည်။

ထိုကဲ့သို့ အခက်အခဲများကြောင့် ပြည်သူများအနေဖြင့် သည်းခံပေးစေလိုကြောင်းသူကဆက်ပြောသည်။

ဘူးဂါးလျှပ်စစ် ကုမ္ပဏီသည် KIO/KIA ၏ စီးပွားရေးဌာနမှ လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များသို့ ရေအားလျှပ်စစ် စက်ရုံနှစ်ရုံဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

မြစ်ကြီးနားမြို့နယ်တွင် ဘူးဂါးကုမ္ပဏီမှ လျှပ်စစ်မီတာ အသုံးပြုသည့် အိမ်ထောင်စု စုစုပေါင်း ငါးသောင်းကျော်ခန့်ရှိသည်။

သတင်း – Dureng

ပုံ – ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း FB page

 

သင့်ထင်မြင်ချက်ရေးပေးပါ