ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်နှင့်နမ္မဖြစ်ကျေးရွာကြားရှိ ပန်းတင်တံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

KIA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် စစ်ကောင်စီစခန်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမှော်ဝမ်းရပ်ကွက်နေ အသက်(၂၆)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးနဲ့ပစ်တာ ဘယ်ဘက်ကနေ ပစ်မှန်းမသိဘူး။ သူတို့ စခန်းထဲကျလို့နေမှာ၊ ချက်ချင်းစက်သေနတ်နဲ့ သုံးမိနစ်လောက်ရှိမယ်၊ မိုးပေါ်ကိုပစ်နေတာ” ဟုသူကပြောသည်။

အဆိုပါစခန်းတွင်ဂိတ်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲဝင်နှစ်ဦးလည်း ပစ်ခတ်ခံခဲ့ရသောကြောင့် သေဆုံးသွားကြောင်း ဖားကန့်မြို့ခံ အသက်(၅၅)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“စစ်ကောင်စီဘက်က နှစ်ယောက်ကျတာ သေချာတယ်။ တွေ့တဲ့လူလည်းတွေ့တယ်”ဟုပြောသည်။

KIA ပူးပေါင်းတပ်ဖွဲ့သွားရောက်တိုက်ခိုက်ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲဝင်များက ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း နမ္မဖြစ်ကျေးရွာနေ အသက် သုံးဆယ်ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“KIA နဲ့KPDF က အဲ့ဒီတံတားနားကို လက်နက်ကြီးနဲ့ပစ်နေတာ တစ်ချက်ပြီး တစ်ချက်။ ကားတွေ ဆိုင်ကယ်တွေကိုလည်း စစ်နေတာတွေ့တယ်။လောလောဆယ် ဖမ်းခံရတဲ့သူတွေမရှိသေးဘူး”ဟုပြောသည်။

တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း The 74 Media က ကနဦး သိရှိထားပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်ရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုကို ယမန်နေ့က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

သတင်း – SK

ပုံ – KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ