စစ်ကောင်စီတပ်နှင့် KIA-PDF ပူးပေါင်းတပ်တို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊အင်းတော်မြို့နယ် နဘားကျေးရွာအနီးရှိ ဒေသအခေါ် မိုက်ခရိုဝေ့ (နန့်မကျိုင်း)လမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲကြောင့် နဘားကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးမှုများရှိခဲ့ကြောင်း Indaw Revolution IR အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲကတော့ မနေ့ည ကတည်းကဖြစ်နေတာ။ မနေ့ညဖြစ်ပြီးတော့ ဒီနေ့ မနက်မှာ ပြန်ပြီးတော့ ထိတွေ့ကြတာပေါ့။ မြေပြင်စစ်ကြောင်းနှစ်ခုစလုံး အပြန်အလှန်ဖြစ်ကြတာဗျ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၂ ဘီးကား၊ တုန်ဖုန်းကား နှင့် ခွေးဘီလူး စုစုပေါင်း ကားသုံးစီးဖြင့် နဘားကျေးရွာသို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နန့်မကျိုင်းလမ်းဆုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး နဘားရဲစခန်းတွင် လူအင်အား ၁၅၀ ခန့်ဖြင့် အင်အားဖြည့်တင်းတပ်စွဲထားကြောင်း PDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ ကြားသိရသလောက်တော့ သူတို့ စကစ(စစ်ကောင်စီ)ဘက်က ၄ ယောက်ထိပြီးတော့ တစ်ယောက် ကျသွားတယ်လို့ သတင်းရတယ်ဗျ။ ကျသွားတဲ့သူကလည်း သူတို့ရဲ့ အကြီးပိုင်းထဲကပေါ့နော်။ ဗိုလ်အရာရှိပိုင်းထဲက ဖြစ်မယ်ထင်တယ်ဗျ။ အဲဒါကြောင့်လည်း အင်အား ၁၅၀ ဖြည့်ပြီးတော့မှ လက်ရှိ ရဲစခန်းမှာတပ်စွဲထားတယ်ဗျ” ဟုဆိုသည်။

စစ်ကောင်စီ အရာရှိတစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသော်လည်း The 74 Media အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

နဘားကျေးရွာ ဒေသခံအများစုမှာ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့မှစပြီး စတင်တိမ်းရှောင်ခဲ့ကြသော်လည်း ကျေးရွာအတွင်း ပိတ်မိနေသူများလည်းရှိသည်ဟု ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ကတည်းက ပြေးတဲ့သူကပြေး နေတဲ့ လူကနေပေါ့။ ရွာထဲမှာ ပိတ်မိနေတဲ့သူတွေလည်းရှိတယ်။ ကျွန်မကတော့ မနေ့ကတည်းက ထွက်ခဲ့တာပေါ့နော်။ အဲဒီမှာဖုန်းလိုင်းတွေလည်းဖြတ်ထားတော့ ကျွန်မအဆက်အသွယ်မရဘူးရှင့်” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နဘားကျေးရွာ ရဲစခန်း၊ ဒေသခံတစ်ဦး၏ RC နှစ်ထပ်တိုက်နေအိမ်ပေါ်နှင့် မိုက်ခရိုဝေ့လမ်းဆုံအနီး စသည့် နေရာ သုံးနေရာတွင် လက်နက်ကြီး ထည့်သွင်းပစ်ခတ်နိုင်သည့် အမြောက်များချထားကြောင်း ဒေသခံများကဆိုသည်။

တိုက်ပွဲကြောင့် အင်းတော် – မော်လူးကားလမ်းပိုင်းကို ယနေ့နံနက်ပိုင်းကစပြီး လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း နဘားလမ်းဆုံအနီးတွင် စစ်ကောင်စီနှင့် KPDF တပ်တို့ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta

ပုံ -အင်းတော် PDF တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ