မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ယနေ့ ညနေ ငါးနာရီခန့်က ဆိုင်ကယ်နှင့် စက်ဘီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

စက်ဘီးစီးနင်းလာသော အမျိုးသားမှာ ဦးခေါင်းဒဏ်ရာ၊ ညာဘက်ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ကာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ နှာခေါင်းမှ သွေးထွက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစလုံး စိုးရိမ်ရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်သမားကအရှိန်တအားများတယ်လို့ပြောတယ်။ ဆိုင်ကယ်နဲ့ စက်ဘီးနဲ့တိုက်ကြတာ။ ဆိုင်ကယ်မောင်းတဲ့သူလည်း နည်းနည်းသတိရလိုက် မရလိုက်နဲ့ဟုတ်တယ်၊ စက်ဘီးမောင်းတဲ့အဘိုးကြီးကတော့ လုံးဝကိုသတိမရဘူး။ လူနာက နှစ်ယောက်စလုံးစိုးရိမ်ရတယ်” ဟုပြောသည်။

စက်ဘီးမောင်းနှင်သော အမျိုးသားသည် အသက် ၆၀ နှစ်ခန့်အရွယ်ဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ အသက် ၄၀ ခန့် အရွယ်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်စွာရရှိထားသော အမျိုးသားကို အောက်စီဂျင်ပေးထားရကြောင်းသိရသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေ ဈေးလမ်းစုံတွင် ကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူအမျိုးသား ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/မြစ်ကြီးနား Fb page

 

သင့်ထင်မြင်ချက်ရေးပေးပါ