စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း နှစ်ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်နှင့် ရွှေဖောင်များကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံများကိုလည်း ဖမ်းဆီးနေကြောင်းသိရသည်။

ဧရာဝတီမြစ် ရေလယ်ကျွန်းရှိ ကျွန်းတော်ကျေးရွာသို့ ယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဒေသအခေါ်ရွှေဖောင် (ရွှေတူးဖော်သည့်စက်လှေ) များကို မီးရှို့ဖျက်ဆီးနေသည်ဟု မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုမှ တစ်စီးစရှို့တာဆိုတော့ ဘယ်လောက်ရှို့ဦးမလဲ မပြောတတ်သေးဘူး။ ရွှေတူးစက်လှေတွေပဲ။ ကမ်းကပ်ထားတာ ၁၀(စီး) ကျော်လောက်ရှိမယ်” ဟုဆိုသည်။

မီးရှို့ဖျက်ဆီးမှုများကို အဝေးကနေသာ မြင်တွေ့ရပြီး ကျွန်းတော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသေးသောကြောင့် ပျက်စီးဆုံးရှုံးမှုအခြေနေကို အတည်ပြုနိုင်ရန် ခက်ခဲနေသေးသည်။

ထို့အပြင် ကျွန်းတော်ကျေးရွာ တစ်ဖက်ကမ်းရှိ မိုးစစ်ကျေးရွာကိုလည်း စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံများကို ထိုကျေးရွာရှိ အလယ်တန်းကျောင်းတွင် ဖမ်းဆီးထားကြောင်း အသက် ၅၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရေလဲမိုးစစ်(ရွာ)ဆိုတာ နီးနီးလေးရယ်။ တံတားလေးပဲခြားတယ်။ အခုက စစ်ကြောင်းက ခန့်မှန်းဖို့က ခက်တယ်။ ဒီဘက်ကျတော့ ပျူစောထီးတွေလည်းပါတယ်။ အရပ်ဝတ်တွေနဲ့ရောက်နေတာ။ ဒီဘက်နယ်ခံတွေတော့မဟုတ်ဘူး” ဟုပြောသည်။

မိုးစစ်ကျေးရွာသို့ ဝင်ရောက်ခဲ့သည့် စစ်ကောင်စီပူးပေါင်းအဖွဲ့က ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပေါက်ကုန်း၊ သင်္ဘောအင်း စသည့်ကျေးရွာ တစ်လျှောက်ကို ဆက်လက် စစ်ကြောင်းထိုးနေကြောင်း အခြား ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“မိုးစစ်(ရွာ)ကို မီးစရှို့နေပါပြီ။ ဘယ်သူမှုသွား မကြည့်ရဲကြဘူး။ မိုးစစ်နဲ့ရေလဲက ကပ်လျက်လေ။ မိုးစစ်က စစ်ကြောင်းတွေ သင်္ဘောအင်းဘက် ပြန်ထွက်သွားတယ်လို့ သိရတယ်”ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေကူမြို့ ဧရာဝတီမြစ်ဘေးက ရွှေဖောင်များကို ယမန်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်တစ်ဖက်ကမ်းရှိ ရေလဲကျေးရွာမှ နေအိမ် ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးကာ ဒေသခံအချို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ကောင်စီ သင်္ဘော ၆ စီးသည် ရွှေကူမြို့သို့ စက်တင်ဘာ ၁၇ ရက်နေ့က ရောက်ရှိခဲ့ပြီးနောက် ရွှေကူမြို့နှင့် အနီးတဝိုက်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံများ၏ နေအိမ် နှင့်ရွှေဖောင်များကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ