ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ခြောက်နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

မှော်စီစာကျေးရွာ အောက်ဘုန်းကြီးကျောင်းအရှေ့တွင် တွေ့ရှိခဲ့ရပြီး မျက်နှာနှင့် လည်ပင်းတွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း မှော်စီစာကျေးရွာနေ အသက် ၅၀ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဓား ဒဏ်ရာတွေပဲတွေ့ရတယ်။ အနီးနားက လူတွေပြောတာတော့ မနေ့ ည (၁)နာရီလောက်က အော်သံကြားရတယ်လို့ပြောတယ်။ အရူးအော်တယ်ထင်ပြီး ထမကြည့်မိလိုက်တာတဲ့။ ဒီမနက်ရောက်တော့ လူသေအလောင်းတွေ့ရတော့တာပဲ” ဟုသူကပြောသည်။

သေဆုံးသူမှာ မည်သူဘယ်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ရုပ်အလောင်းအား လုံးခင်း သင်္ခါရလူမှုကူညီရေးအဖွဲ့မှ သယ်ယူသွားကြောင်း အခြားရပ်ကွက်နေ အသက်သုံးဆယ်အရွယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ပိုင်ရှင်က ခုထိမပေါ်သေးဘူး။ လုံးခင်းသုသာန်ကိုတော့ ပိုထားတယ်။ မီးတော့ မသင်္ဂြိုဟ်ရသေးဘူးဗျ။ အသက်ကတော့ ခန့်မှန်းခြေ (၂၆)လောက်တော့ရှိမယ်”ဟုပြောသည်။

မည်သူတို့ သတ်ဖြတ်သွားသည်ကိုလည်း မသိရှိသေးကြောင်းသူကဆိုသည်။

အလားတူ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ဘဇံချောက်ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့က အသက် ၅၀ ကျော်အရွယ် ကိုဖိုးချိုဆိုသူ သတ်ဖြတ်ခံခဲ့ရသည်။

သတင်း – SK

ပုံ – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ