စစ်ကောင်စီတပ်ဖွဲဝင်များက ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်ဘက်သို့ ယနေ့ နံနက်(၁၁)နာရီခွဲအချိန်ခန့်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

မှော်စီစာကျေးရွာအနီးရှိ ဒေသအခေါ် ကျောက်မျှောတိုက်နေသော ကုမ္ပဏီနားသို့ စစ်ကောင်စီတပ်က လက်နက်ကြီး (၈)ချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း မှော်စီစာကျေးရွာနေ အသက်( ၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးသံတစ်ချက် အရင်ကြားရတာနောက်မှ ဆက်တိုက်ပစ်တော့တာ။ သေနတ်သံတွေလည်ကြားရတယ်။ ကျောက်မျှောတိုက်လို့ ပစ်တာလို့သိရတယ်” ဟုပြောသည်။

လက်နက်ကြီးများပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများဖြင့် ကင်းပတ်ကာ၊ ကုမ္ပဏီအတွင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မှော်စီစာကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“ကုမ္ပဏီထဲတော့ ဝင်စစ်နေပြီ။ လက်နက်ကြီးတွေပစ်လို့ စျေးဆိုင်ရော၊ စာသင်ကျောင်းတွေရော၊ ပိတ်ထားလိုက်ကုန်ပြီ၊ ဘာတွေစစ်နေလည်းမသိဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံခြင်း ရှိ၊ မရှိကိုမူ မသိရှိရသေးပါ။

ကျောက်မျှောတိုက်ဆိုသည်မှာ တောင်ကမ်းပါး၊ လျှိုများ၊ စုပုံထားသောမြေစာများကို ရေပိုက်များဖြင့် ထိုးပက်ကာ ကျောက်စိမ်းရှာဖွေသော နည်းလမ်းတစ်မျိုးဖြစ်သည်။

ဖားကန့်မြို့ မှော်စီစာကျေးရွာက ကိုကျော်နိုင်ကုမ္ပဏီမှ ဝန်ထမ်းများကို ပြီးခဲ့သည့် မေလ (၄)ရက်နေ့က စစ်ကောင်စီတပ်ဖွဲဝင်များက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သတင်း – SK

ပုံ – ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ