ဖားကန့်မြို့ ၊ မှော်စီစာကျေးရွာတွင် ယနေ့ ညနေ ၂ နာရီခန့်က ပုပ်ပွနေသည့် ရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က ရေမဆေးကျောက်ရှာဖွေစဥ် ကမ်းပါးပေါ်မှပြုတ်ကျကာ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းဖြစ်သည်ဟု အောင်သာယာရပ်ကွက်နေ အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောက်တူးတဲ့သူတွေ အရင်မြင်တာလို့ပြောတယ်။ ပုပ်ပြီးပွတက်ခဲ့တာလေ အလောင်းက ရုပ်တောင် တော်တော် ပျက်နေပြီ” ဟုပြောသည်။

သေဆုံးသူ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးညိုမောင်ဆိုသူမှာ အောင်သာယာရပ်ကွက် (၂) တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။

ဦးညိုမောင်၏ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများက မီးသင်္ဂြိုဟ်ရန်ယူသွားပြီဖြစ်ကြောင်း မှော်စီစာကျေးရွာနေ အသက် (၂၆) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“မီးသင်္ဂြုဟ်ဖို့တော့ လုပ်နေကြပြီ။ အဲ့ဘက် မိုးရွာရင် အန္တရာယ်များတယ်ဗျ။ အခုကခုနှစ်ရက်ကြာမှ ပေါ်လာတာဆိုတော့ ရုပ်တွေကမမှတ်မိတော့ဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ဖားကန့်မြို့ မနကျေးရွာတွင်လည်း ကမ်းပါးပြိုကျမှုကြောင့် ရေကန်အနီး လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၃ ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့ မော်မောင်းဘွမ်းကျေးရွာတွင်လည်း ဩဂုတ်လ ၄ ရက်နေ့က ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး သေဆုံးခဲ့ရသည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ