စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်၊ တဲကြီးကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို ယနေ့ နံနက် ငါးနာရီခန့်က ဝင်ရောက်စီးနင်းခဲ့သောကြောင့် ပကဖ အဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို အလစ်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ကင်းပုန်းစောင့်နေသော ပကဖ အဖွဲ့ဝင်နှစ်ဦး ကျဆုံးသွားသည်ဟု အနောက်တာကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနက်အစောကြီး ရွာကိုဝင်စီးခံရတာ၊ ရွာထဲမှာသိမ်းထားတဲ့ လက်နက်တွေပါသွားတာပေါ့ဗျာ၊ ရွာထိပ်မှာ ကင်းစောင့်တဲ့ တစ်ယောက်အရင်မိတာ၊ တစ်ယောက်ကတော့ ဆိုင်ကယ်နဲ့ထွက်ပြေးတာကိုမိတာ။ ပြီးတော့မှ ဖြည်းဖြည်းချင်း ရွာထဲက သေနတ်တွေတွေ့တာ၊ မိတဲ့နှစ်ယောက်တော့ အဲ့မှာတစ်ခါတည်းသတ်လိုက်တာ၊ ထိတွေ့တိုက်ပွဲမဖြစ်ဘူး။ ကျွန်တော်တို့ မိုင်းတောင်ဆွဲချိန်မရလိုက်ဘူး၊ ကင်းသမားတွေနဲ့ထိပ်တိုက်တွေ့ပြီးတော့ ကင်းသမားနှစ်ယောက်မိတယ်။ ကျန်တဲ့သူတွေတော့အားလုံးလွတ်တယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်မ ၃၃ မှ တပ်ဖွဲ့ဝင်များဖြစ်ကြပြီး စစ်ကိုင်းမြို့နယ်အတွင်းပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

“စကစ(စစ်ကောင်စီ)တပ်ကတော့ ညောင်ကုန်းနဲ့ သလွန်ဖြူမှာ တပ်စွဲထားဆဲပဲ။ မြို့ပေါ်နဲ့အနီးဆုံးကို ရောက်လာပြီပြောရမှာပေါ့။ စစ်ကြောင်းထိုးမယ်လို့ယူဆရတယ်” ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာမှ ဒုရဲအုပ် သန်းမင်းစီုးနှင့် ဇနီးဖြစ်သူ သတ်ဖြတ်ခံခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မယ်ဇလီချောင်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ပုံ – fifty Two News

 

သင့်ထင်မြင်ချက်ရေးပေးပါ