စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ်အတွင်းမှ ပစ္စည်းများခိုးယူကာ ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်အစပ်ရှိ ပျဉ်ထောင်လေးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲခဲ့ပြီး ဒေသခံများ၏ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူကာ ကျေးရွာနှင့် ၃ မိုင်ခန့်အကွာတွင်ရှိသည့် ငအိုးမြို့တွင် ပြန်လည်ရောင်းချခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက The 74 Media ကို ပြောသည်။

“ရွာထဲ ဈေးဆိုင်တွေရှိတဲ့ အိမ်ထဲက ဆီပုံးတွေ၊ ကျနော်တို့ လမ်းသွားလမ်းလာကျတော့ ငအိုးဘက်ကိုပဲ ဈေးဝယ်ရတာဆိုတော့ ဒီကောင်တွေ ဆီပုံးတစ်ပုံးကို သုံးသောင်းနဲ့ ရောင်းတယ်။ ဆန်အိတ်တစ်အိတ်ကို သုံးသောင်းနဲ့ အဲဒီလိုရောင်းတာတွေလည်းရှိတယ်” ဟုဆိုသည်။

မန္တလေးမြို့မှ ဗန်းမော်သို့ ဆန်တက်လာမည့် စစ်သင်္ဘောများကို ကြိုတင်လုံခြုံရေးယူပေးရန်အတွက် ဧရာဝတီမြစ်ဘေးရှိ ပျဉ်ထောင်လေးကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စက်တင်ဘာလ ၅ ရက်နေ့က စတင်ဝင်ရောက်တပ်စွဲခဲ့သည်။

ပျဉ်ထောင်လေးကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့သည့် သုံးရက်တာအတွင်း ဒေသခံများ၏ နေအိမ်၊ ဈေးဆိုင်ခန်း၊ ပစ္စည်းသိုလှောင်သည့် ဂိုဒေါင် နှင့် နွားတင်းကုပ် စုစုပေါင်း အဆောက်အဦး ၃၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းနေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ဘူးဗျ။ ဒီတိုင်းဝင်ရှို့တာ။ အခုလောလောဆယ်တော့ ကျောင်းတွေ ဇရပ်တွေမှာ ကပ်နေရတာပေါ့။ အသိအိမ်တွေတို့။ မီးရှို့ခံရတဲ့ အိမ်တွေကလည်း ၁၂၁ (ခလရ ၁၂၁) နဲ့ကပ်နေတော့ ရွာထဲမှာ မနေရဲတော့သလောက်ကိုဖြစ်သွားပြီပေါ့” ဟု ဆိုသည်။

စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာကို မီးရှို့ခဲ့သည့်အပြင် ဒေသခံများ၏ ပစ္စည်းများကို ခိုးယူရောင်းချခဲ့သော စစ်ကောင်စီတပ်ရင်းမှာ ငအိုးမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၂၁)နှင့် တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်များဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပျဉ်ထောင်လေးကျေးရွာမှ အသက်၂၀ ဝန်းကျင်အရွယ် လူငယ်အမျိုးသား နှစ်ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ကျေးရွာနှင့် ၁၀ မိုင်ခန့် အကွာတွင်ရှိသည့် အင်းရွာသို့ ခေါ်ဆောင်သွားပြီးနောက် ထိုမှတစ်ဆင့် စစ်ကောင်စီသင်္ဘောပေါ်သို့ စက်တင်ဘာ ၁၂ ရက်နေ့တွင် တင်ဆောင်သွားကြောင်း သိရသည်။

လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ကာ မန္တလေးမှ ဗန်းမော်သို့ စစ်ကောင်စီ၏ သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန်တိုင်း မြစ်ကြောင်းတစ်လျောက်ရှိကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးလေ့ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် နေအိမ်နှင့် အဆောက်အဦးပေါင်း ခုနှစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်းမှ ငါးသောင်းကျော်ပါဝင်ကြောင်း Data For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း – Thu Ta

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ