ကချင်ပြည်နယ်၊ ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ရပ်နားထားသည့် ဒေသအခေါ်ရွှေမော်တော် (ရွှေဖောင်)များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီခန့်မှ စတင်မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

ဧရာဝတီမြစ်ကမ်း‌ဘေးရှိ အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက်တွင် ရပ်နားထားသည့် ရွှေဖောင်များကို စစ်သင်္ဘောပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ရွှေကူမြို့ခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကျနော်တို့မြို့က ဧရာဝတီမြစ်ဘေးရှိတာလေ။ သူတို့(ရွှေဖောင်သမား)လည်း သင်္ဘောတက်မယ်ဆိုလို့ မြစ်ဘေးမှာ ခါတိုင်းလည်း အဲဒီလိုပဲ လုပ်ကြတဲ့အခါကြတော့ အခုကတော့ ရှို့သွားတာပေါ့လေ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော စစ်ကောင်စီ သင်္ဘော ၆ စီးမှာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ လက်နက်၊ ရိက္ခာများတင်ဆောင်ကာ ဗန်းမော်ဘက်သို့ ဆန်တက်နေခြင်းဖြစ်ပြီး လမ်းခုလတ်တွင် ထိုကဲ့သို့ ရွှေဖောင်များကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေကူမြစ်ကမ်းဘေးရှိ ရန်ကြီးအောင်၊ အောက်ကျင်း၊ မော်လမြိုင် စသည့်ရပ်ကွက်မှ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

အလားတူ ရွှေကူမြို့ဆိပ်ကမ်း နှင့် ၂ မိုင်ခန့်အကွာရှိ ရေပျံဆိပ် ရေလယ်ကောင်တွင် ကျောက်ချ ရပ်နားထားသည့် စစ်သင်္ဘောပေါ်မှလည်း မြို့တစ်ဖက်ကမ်းရှိ မိုးစစ်၊ ရေတပ်၊ ဆင်လဲစသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်နေသည်ဟု အခြား ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွှေဖောင်တွေကို စစချင်းရှို့တာတော့ သုံးစီးတဲ့။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ တော်တော်များနေပြီ ရှို့တာ။ အစီးရေတော့ မသိရသေးဘူး။ မနေ့ညကလည်း တအားပစ် အခုလည်း မနက်ကတည်းက တအားကို ပစ်နေတာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့လိုက်သည့် ရွှေဖောင်များ မီးလောင်ရာကတဆင့် ရွှေဖောင်ပေါ်ရှိ လောင်စာဆီပေပါများ ပေါက်ကွဲပြီး အမှတ် ၂ ရွာသစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ စစ်ကြောင်းများ ရွှေကူမြို့ မြစ်ကမ်းတစ်လျှောက်ကို စစ်ကြောင်းထိုးလျက်ရှိပြီး ထိခိုက်ပျက်ဆီးမှု အခြေနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

သတင်း – သုတ

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ