မြစ်ကြီနားမြို့၊ ပလနကျေးရွာ နယ်မြေ (၂) တွင် နေထိုင်သော ရှစ်တန်းကျောင်းသူတစ်ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ အသက် ၁၅ နှစ်အရွယ် ကောင်ဒူဆိုင်းပန်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့က မုန့်သွားဝယ်မည်ဟုဆိုကာ နေအိမ်မှထွက်သွားပြီးနောက် ယနေ့အချန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု အဒေါ်ဖြစ်သူက The 74 Media ကို ပြောသည်။

“အိမ်ကနေတော့ သူငယ်ချင်းအိမ်ကို သွားမယ်ဆိုပြီး သူ့ညီမလေးနဲ့ ထွက်သွားတာ။ တံတားနားရောက်တော့ ယောကျာ်းလေး သူငယ်ချင်းတစ်ယောက်က မုန့်သွားဝယ်စားမယ်ဆိုပြီး သူ့ကို (ပျောက်ဆုံးသူကို) ခေါ်သွားတာ။ အဲ့ဒီကောင်လေးက မက်စ်(mask)တပ်ထားတာတဲ့။ ဘယ်သူမှန်းလဲ မသိဘူး။ သူ့ညီမလေးက အဲ့ဒီနေရာမှာ စောင့်နေတာ ပြန်မလာဘူး။ ဖုန်းဆက်တာလည်း ဝင်တယ်၊ မကိုင်ဘူး၊ စက်ပိတ်လိုက်၊ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်လိုက်နဲ့” ဟု ပြောသည်။

ပျောက်ဆုံးသူသည် နေအိမ်မှထွက်သွားချိန် အဝါရောင်တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီအပွ ဝတ်ဆင်ထားပြီး သက်ဆိုင်ရာဌာနများသို့ လူပျောက်တိုင်ကြားထားကြောင်း သိရသည်။

ပျောက်ဆုံးနေသူအား တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၄၅၉၄၅၉၀၆၂၊ ၀၉၄၅၆၃၀၆၁၈၂ သို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း မိသားစုဝင်များကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ဒူကထောင်ရပ်ကွက် နယ်မြေ (၁) ရှိ မိဘမဲ့ဂေဟာမှ အသက် ၁၉ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို သူငယ်ချင်းဖြစ်သူ လာရောက်ခေါ်ယူသွားပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

သတင်း – Pan Soon

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ