တရုတ်ငွေ ယွမ် ၄၀ ခိုးယူသည့် စွပ်စွဲချက်ဖြင့် ရေနွေးပူတွင် လက်စိမ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူနှစ်ဦးအမှုကို လျော်ကြေးပေးကာ ကျေးအေးပေးလိုက်ကြောင်း သိရသည်။

လက်ရေနွေးစိမ်သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကျောင်းသူနှစ်ဦးထဲမှ တစ်ဦးကို ယွမ် ၃၀၀၀ (မြန်မာငွေကျပ် ၁၄ သိန်းခန့်) နှင့် အခြားတစ်ဦးကို ယွမ်ငွေ ၂၀၀၀ (မြန်မာငွေကျပ် ၁၁ သိန်းခန့်) ဖြင့်အမှုကို ကျေးအေးပေးလိုက်ခြင်းဖြစ်သည်ဟု အဆိုပါအမှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများမှ သိရသည်။

ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမြောက်သည့် ကိစ္စရပ်ကို ငွေကြေးဖြင့် အပြစ်ပေးအရေးယူခြင်းမှာ ထိရောက်သည့် အရေးယူမှုမဟုတ်ဘဲ လူသိရှင်ကြားဖြစ်မှ အရေးယူခြင်းလည်းဖြစ်သည်ဟု မိုးမောက်မြို့နယ်၊ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက The 74 Media ကို ပြောသည်။

“ငွေနဲ့ ဖြေရှင်းတာက လုံးဝ မဖြစ်သင့်ဘူး၊ အဓိက ကလေးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပြီ။ ယွမ်ငွေသုံးထောင်မပြောနဲ့ သုံးသိန်းပေးရင်တောင် ခွင့်မလွတ်ချင်ဘူး။ ကျေအေးပေးလိုက်တယ်ဆိုတာက ဖြေရှင်းပေးတဲ့သူတွေက အာဏာနဲ့လေ၊ ပြေလည်ရာ‌ ပြေလည်ကြောင်းပြောတော့ မိဘတွေကလည်း မတတ်နိုင်လို့ ခေါင်းငြိမ့်လိုက်ရတာ။ တရားမျှတမှုဆိုတာ မရှိဘူး၊ ငွေများ ငွေနိုင်ပေါ့၊ တရားဥပဒေဆိုတဲ့အရာကိုလည်း ဘယ်သူတွေ ယုံကြည်လို့ရမလဲ” ဟုပြောသည်။

တာဝန်ရှိသည့် ဆရာမနှစ်ဦးကို အရေးယူလိုက်သည်ဟု ကနဦးတွင် သတင်းထွက်ပေါ်ခဲ့သော်လည်း မမှန်ကြောင်း မိုင်ဂျာယာန်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စာထုတ်ထားတဲ့အတိုင်းပဲ တခြားသီးသန့် အရေးယူတာတော့ မရှိတော့ဘူး။ ဘော်ဒါဆောင် မပိတ်ဘူး။ အဲ့ဒါက ဘော်ဒါနဲ့ မဆိုင်ဘူးလေ။ လူနဲ့ဖြစ်တဲ့ ကိစ္စဆိုတော့ သပ်သပ်စီခွဲထားတယ်။ အဲ့ဒီဆရာမက KIO အစိုးရကျောင်း ဆရာမလည်း မဟုတ်တော့ဘူး၊ နားသွားပြီ။ အခုက အပြင်မှာသူ့ဖာသာသူ အဆောင်ဖွင့်ပြီး စာသင်နေတာ။ အစိုးရ ကျောင်းဆရာမ မဟုတ်တော့ဘူးဆိုတော့ ဆရာမ ဆက်မလုပ်ခိုင်းဖို့လည်း ပိတ်ပင်လို့ မရတော့ဘူးလေ” ဟု ပြောသည်။

ကလေးများကို ပညာသင်ကြားပေးနေသည့် ဆရာမများကိုယ်တိုင်က ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သော်လည်း ကျူးလွန်သူနှစ်ဦးကို အရေးမယူသည်မှာ မဖြစ်သင့်ကြောင်း ဒေသခံရပ်မိရပ်ဖတစ်ဦးက ထောက်ပြသည်။

“ဘယ်လိုဖြစ်ပြီး ဒီလောက်ငွေလေးနဲ့ ကျေအေးလိုက်သလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ လာဘ်ပေးလာဘ်ယူရှိနေလို့လား၊ ဆရာမနှစ်ယောက်က ဆိုင်ရာပိုင်ရာတွေနဲ့ အမျိုးတွေလား။ တာဝန်ရှိသူတွေ ဒီလိုဆုံးဖြတ်တာ လုံးဝမဖြစ်သင့်ဘူး” ဟုပြောသည်။

မိုင်ဂျာယာန်မြို့၊ ရပ်ကွက် (၁၀) ရှိ ဆရာမ လရှီးမိုင်မိုင်နှင့် လရှီးကိုင်ဆိုသူက ဖွင့်လှစ်ထားသော ဘော်ဒါဆောင်တစ်ခုတွင် ဩဂုတ်လ ၂၄ ရက်နေ့က တရုတ်ငွေ ယွမ် ၄၀ (မြန်မာငွေကျပ် လေးသောင်း) ခိုးသည်ဟူသော စွပ်စွဲချက်ဖြင့် အဆောင်နေကျောင်းသူ၊ ကျောင်းသားများကို ရေနွေးပူငွေ့ဖြင့် လက်အပူဟပ်ရန် အတင်းအကြပ် ခိုင်းစေခဲ့ရာ ဆယ်တန်းကျောင်းသူ နှစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုင်ဂျာယာန်မြို့ အုပ်ချုပ်ရေးတာဝန်ရှိသူများက ကျူးလွန်သူဆရာမနှစ်ဦးနှင့် ထိခိုက်သူ မိသားစုဝင်များအား ညှိနှိုင်းဖြေရှင်းကာ လျော်ကြေးငွေဖြင့် အမှုဖြေရှင်းလိုက်သည်ဟု စက်တင်ဘာလ ၁၄ ရက်နေ့က စာထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး The 74 Media က အချက်အလက်ကို မေးမြန်းရန် မိုင်ဂျာယာန်မြို့ အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အစိုးရကို ကလေးသူငယ်နှင့် အမျိုးသမီး အကြမ်းဖက်မှုဆိုင်ရာ ပြဿနာများကို သမာသမတ်ကျကျနှင့် တရားမျှတမှု ရှိအောင် ကိုင်တွယ်ဖြေရှင်းရန် ကချင်လူထုတစ်ရပ်လုံးက လိုလားနေသည်။

သတင်း – Pan Soon

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ