နမ်ဆန်ယန် စစ်မျက်နှာပြင်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ နမ်ဆန်ယန်ကျေးရွာတစ်ဖက်ကမ်းရှိ လိုင်လွမ်အောင်ဂျာတပ်စခန်းကို ယနေ့နံနက် ၈ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“စတိုက်တာက ၄ ခွဲဝန်းကျင်လောက်ဖြစ်မယ်၊ သိမ်းလိုက်တာက ၈ နာရီလောက်ပေါ့၊ သူတို့လူ ၅၀ လောက်ရှိတဲ့ စခန်းပါ” ဟုဆိုသည်။

စခန်းသိမ်းပိုက်လိုက်သည့်နောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

“ဂျက်နဲ့ ဗုံးလာကြဲတာ၊ သုံးစီးဟုတ်တယ်၊ စခန်းသိမ်းခံရတော့ ရှက်ရမ်းရမ်းပြီး လိုက်ပစ်တာပေါ့” ဟု သူ၏ အမြင်ကိုပြောသည်။

လိုင်ဇာအနီးတဝိုက်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်များ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ဆက်တိုက်ဆိုသလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်က KIO/KIA ဌာနချုပ်အနီး ဇူလိုင်လမှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။

သတင်း – ခရှီ

ဓာတ်ပုံ – KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ