တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ခုကို အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးနှစ် လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးကကြတော့ ဘုန်းကြီးကျောင်းတည့်တည့်ကျတာ။ ဘုန်းကြီးနေတဲ့နေရာဆိုတော့ ဘုန်းကြီးကျောင်း အလယ်တည့်တည့်ပေါ့။ ဘုန်းကြီးတစ်ပါးနဲ့ ဘုန်းကြီးနဲ့နေတဲ့ တစ်ယောက်ပေါ့ နှစ်ယောက်စလုံးသေသွားတာပေါ့” ဟုပြောသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲသည့်အပြင် အင်းတော်မြို့ရှိ စစ်တပ်ကုန်းမှလည်း လက်နက်ကြီး (Howitzer) များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အခြားအမျိုးသား တစ်ဦးကပြောသည်။

“အင်းတော်ကနေ Howitzer လေးလုံးပစ်တယ်။ ရွာပြင်မှာကျတာ သုံးလုံး။ တစ်လုံးကကျတော့ ပြည်သူတစ်ဦးရဲ့ အိမ်ရှေ့တံစက်မြိတ်ကို ကျတာပေါ့လေနော့်။ အဲဒါတွေကတော့ အိမ်မှန်တွေကွဲသွားတယ်”

အင်းတော်မြို့နယ်အတွင်း စက်တင်ဘာလ အစောပိုင်းမှစတင်ကာ ယနေ့အထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သော်လည်း စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် စစ်ကောင်စီတို့ မော်တိတ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဩဂုတ်လ ၂၇၊ ၂၈ ရက်နေ့တို့မှစတင်ကာ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ