ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုမိန့်ဖြင့် ငါးကန်တူးသည်ဟုဆိုကာ မချမ်းဘော့မြို့နယ်အတွင်း ရွှေတူးဖော်မှုအလွန်များလာပြီး အကျိုးဆက်အနေဖြင့် ချောင်းရေခမ်းခြောက်လာကြောင်း သိရသည်။

နမ်းခမ်းကျေးရွာအတွင်းရှိ ဒေသခံပြည်သူတို့၏ နေအိမ်များနှင့် စာသင်ကျောင်းပိုင်မြေများတွင် ငါးသားဖောက်ရန်အတွက် ခွင့်ပြုမိန့်ရရှိထားသည်ဟုဆိုကာ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသည်ဟု အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ခြံဝန်းတွေမှာလည်းတူးကြတာ။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း ခြံဝန်းမှာတွေက တူးလို့မရဘူးလို့လည်း မပြောကြဘူး။ ဒေသခံတွေက သနားစရာလေး ငါးကန်ဆိုတာ ဗန်းပြတာပဲဟုတ်တယ်။ ရွှေတူးတာက ပေါ်တင်ပါပဲ မျောချပီးလုပ်တာပါ။ ဆယ်ပေလောက်နက်သွားပေမဲ့ ဖာမရောက်မချင်းတော့ဆက်တူးတာကြဆိုတော့ ငါးကန် မဖြစ်တော့ဘူးလေ” ဟုပြောသည်။

အဆိုပါရေကန်မှာ ပေ ၃၀ ပတ်လည်အကျယ်ရှိပြီး အနက် ၁၀ ပေကျော်ရှိကြောင်း ဒေသခံများထံက သိရသည်။

ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသော နမ်းခမ်းချောင်းတွင်လည်း ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ အပါအဝင် စက်ဆိုင်း ၂၀ ခန့်ဖြင့် ရွှေတူးဖော်နေကြကြောင်း သူကဆက်ပြောသည်။

“တစ်နိုင်တစ်ပိုင်နဲ့ လုပ်နေတာ အားလုံးက ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူကြီးတွေဟာပဲဟုတ်တယ်။ အရင်ကနေကာကွယ်ထားတဲ့နေရာဖြစ်လို့ မတူးကြနဲ့လို့ပြောတာနားမထောင်ဘဲနဲ့ မြို့နယ်အုပ်ချုပ်ရေးတွေစီ သွားခွင့်တောင်းပြီး တူးနေကြတာ။ ဒေသခံတွေရဲ့ဆန္ဒမပါဘဲ အထက်လူကြီးတွေကိုပိုက်ဆံပေးပြီးတူးကြတာ” ဟုပြောသည်။

နမ်းခမ်းချောင်းရေကို ကျေးရွာအတွင်းရှိ လယ်ယာစိုက်ပျိုးရေးအတွက် အသုံးပြုနေသောကြောင့် ချောင်းရေခမ်းသွားပြီး ရေလွှဲမြောင်းများ ပျက်စီးလာမည်ကာ ချောင်းအနီးမှ ရာသီပေါ်စိုက်ခင်းများ ပျက်စီးသွားမည်ကို ဒေသံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

လက်ရှိဘက်ဟိုးလေးစီးဖြင့် ရွှေတူးဖော်နေသူများတွင် မချမ်းဘော့မြို့မှ ဦးအင်ဖုန်းလဒိန်ဆိုသူနှင့် ဗန်းမော်မြို့မှ ဦးအိုက်စံဆိုသူပါဝင်ကြောင်းသိရပြီး ခြံပိုင်ရှင်အချို့မှာလည်း အကျိုးအမြတ်ရယူကာ ပူးပေါင်းလုပ်ကိုင်နေကြသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။

ရွှေတူးဖော်မှုကို ကန့်ကွက်လိုသော်လည်း မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၃၇) နှင့် လက်နက်ကိုင် အဖွဲ့အစည်းများက ငွေကြေးကောက်ခံနေသောကြောင့် သွားရောက်တိုင်ကြားရန် အခက်အခဲကြုံရကြောင်း အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“တိုင်ကြားဖို့လည်းကျွန်တော်တို့မှာ ဘယ်လိုလမ်းမှမရှိဘူး။ အုပ်ချုပ်ရေးအဖွဲ့တွင်လည်း ရံပုံငွေကောက် လာတဲ့အချိန် အဲ့ဒီစက်အဖွဲ့တွေစီကနေ ရံပုံငွေကောက်ပြီးပေးနေကျဖြစ်နေတာ။ နောက်ပြီး ဌာနေ (ခေါင်လန်းဖူးဌာနေပြည်သူ့စစ်)တွေလည်း ရံပုံငွေလိုလာတဲ့အချိန် သူတို့ကိုယ်တိုင်လာကောက်၊ ဗျူဟာတွေလည်း ကိုယ်တိုင်လာကောက် ဆိုတော့ကျွန်တော်တို့က တိုင်မယ့်နေရာအဆင်မပြေဘူးပေါ့” ဟုပြောသည်။

လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အဆိုပါ ကျေးရွာအတွင်းရှိ ငါးကန်တူးသည့် လုပ်ငန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ် ဥက္ကဋ္ဌက လာရောက်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ရွှေတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသော စက်ယန္တရားကြီးများနှင့် မျှောစင်များကို ကျေးရွာအပြင်တွင် ဖွက်ထားကြောင်း ဒေသခံများက ပြောသည်။

နမ်းခမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသူများက နမ်းခမ်းကျေးရွာမှ နောင်မွန်းမြို့နယ်သို့ သွားသော လမ်းဟောင်းကိုလည်း စက်သုံးဆီများတင်ဆောင်နိုင်ရန်အတွက် ဒေသခံများကန့်ကွယ်နေသော်လည်း ရွှေတူးဖော်သူများက ကားလမ်းဖောက်လုပ်နေကြကြောင်း ဒေသခံများထံက သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မချမ်းဘော့မြို့နယ်အတွင်း ဒေသခံပြည်သူများ ကန့်ကွက်သော်လည်း ရွှေအလွန်အကျွံတူးဖော်မှုများကြောင့် ချောင်းရေများမှာ ရွံ့ရေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ရွှေမှော်တွင် လုပ်ကိုင်သူများကို လုပ်အားခအတွက် မူးယစ်ဆေးပေးသည့် ဖြစ်စဉ်များစွာရှိခဲ့သည်။

သတင်း – May

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ